ကလေးမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ၂ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ၊ ပေါင်းတည်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား၂ ဦးအရှင် ဖမ်းဆီးရမိပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိကြောင်း NUG အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကလေးမြို့နယ်၊ နမ်းချောင်းရွာ တောတိုက်၌ ဗိုလ်အောင်ကိုခန့် ဦးစီးသော ခလရ-၂၂၈၊ ထပရ-၉၃၄ နှင့် ပျူစောထီး အင်အား ၁၇ ဦးပါ စစ်ကြောင်းကို အထူးလှုပ်ရှား တပ်ရင်း၊ ဒေသခံ ပကဖ၊ TCDF၊ RKDF၊ EFDF၊ HNB တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး အရှင် ဖမ်းဆီးရမိကာ ဗိုလ်အောင်ကိုခန့်အပါအဝင် ၅ ဦး ဒဏ်ရာရရှိပြီး သေနတ် ၂ လက်နှင့် ကျည် ၆၄ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာ အကြား ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် အင်အား ၅၅ ဦးပါ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၄၀ မမ ၊ Sinper ၊ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲအသီးသီးမှ ရဲဘော်များနှင့် Sniper အဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၄ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။