မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာကို စစ်ကောင်စီ တပ်သားများ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာကို စစ်ကောင်စီ တပ်သားများ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာကို တောပုရွာက ပျူစောထီးများ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄ ဦးကို ပစ်ခတ် သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
” ပုရစ်ကုန်းတောင်ရွာကို ဝင်ရောက်စီးနင်းတာ တောပုရွာက ပျူစောထီးတွေပါ ဟိုးအရင်က ပြောက်ကျားအကျီအဟောင်းကို တွေ့လို့ဆိုပြီး တမင်သတ်တာလို့သိရတယ်။ ပျူခွေးတွေက နံနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ ရှို့တာလို့ သိရတယ်။ ပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်သွားတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ပျူစောထီးများသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း၊ ပျူစောထီးများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် မည်မျှ ပျက်စီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။