နာဂဒေသ၊ လဟယ်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို ခလရ ၂၇၂ တပ်ထဲတွင် အခြေခံစစ်ပညာသင်တန်း စစ်ကောင်စီက ပေးနေ
ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ နာဂဒေသ ၊ လဟယ်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော် ကို စစ်ကောင်စီက ခလရ ၂၇၂ တပ်ထဲတွင် အခြေခံစစ်သင် တန်း ပို့ချနေပြီဖြစ်ကြောင်း ဝန်ထမ်းများထံမှ သိရှိရသည်
နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး လဟယ်မြို့နယ်ရှိ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အခြေခံစစ်သင်တန်း ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ သီတင်း ၄ ပတ် (၁ လ) ကြာမြင့်မည်ဖြစ်ကြောင်း ၊ ဝန်ထမ်းများအားလုံး မဖြစ်မနေ စစ်သင်တန်းတက်ရန် နာဂဒေသစစ်ကောင်စီအတွင်း ရေးမှူး နေမင်းသူ က အတင်းအကျပ်ဖိအားပေးစေခိုင်းနေကြောင်း သိရှိရသည်။
“ဝန်ထမ်းတစ်ဦးကို နေ့တွက်ကြေး တစ်ရက် ကျပ် ၇၀၀၀ပေးပါတယ်။ အခြေခံစစ်သင်တန်းတွေကို မကြာခင် ခရိုင်အဆင့် ရုံးဌာနတွေနဲ့ ရပ်ကွက် ကျေးရွာတွေမှာလည်း ပေးတော့မယ်လို့ သိရတယ်” ဟု ဖရဲသီးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
လဟယ်မြို့နယ်မှ ဝန်ထမ်းတချို့မှာ စစ်ကောင်စီ ပေးနေသည့် အခြေခံစစ်ပညာ သင်တန်းကို မတက်ရောက်လိုသော်လည်း မဖြစ်မနေ တက်ရမည်ဟု ဖိအားပေးနေသဖြင့် အခက်ကြုံနေရကြောင်း သိရှိရသည်။
“ဝန်ထမ်းတွေက ကြောက်ရွံ့နေကြတာပေါ့။ နှစ်ပေါင်းများစွာ လက်နက်ကိုင်လာပြီး တိုင်းပြည်ကို အသက်ပေးကာကွယ်ပါ့မယ်လို့ ကတိပေးတဲ့ စစ်သား အရင့်အမာကြီးတွေတော့ ဒီလောက်သေနေတာ ကျနော်တို့ ဝန်ထမ်းတွေက ဘာ မို့ လို့ အသက်ပေးကာကွယ်ရမှာလဲ။ ဘယ်လိုလုပ်နိုင်မှာလဲ။ ပြည်သူအချင်း ချင်း ရန်တိုက်လုပ်ရပ်အတွက် ကျနော်တို့လည်း သမိုင်းတရားခံအဖြစ်မခံနိုင်ဘူး” ဟု ဖရဲသီးဝန်ထမ်းတစ်ဦးက ဆိုသည်။
အခြေခံစစ်ပညာသင်တန်းကို ခလရ ၂၇၂ တပ်ထဲတွင် ပြုလုပ်နေခြင်းဖြစ်ရာ စစ်သင်တန်းတက်ချိန်တွင် အခြေခံ ရိက္ခာ ၄ မျိုးပါပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်တွင် အခြေခံစစ်သင်တန်းတက်နေရသည့် Non-CDM ဝန်ထမ်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)