ရန်ကုန်၊ မေ ၁၄
ချင်းပြည်နယ်၊ မင်းတပ်မြို့ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်ခန့်တွင် မင်းတပ်မြို့အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေက မင်းတပ်မြို့ကို ဆက်တိုက်ကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာ ဒီနေ့ မွန်းလွဲပိုင်းလည်း လေယာဉ် ၂ စီးနဲ့ ဗုံးထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်တာရှိ၊ မရှိကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲခဲ့ကြောင်း၊ ထို့နောက် မေလ ၁၂ ရက်နေ့တွင်လည်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများ၏ နေအိမ် ၁၅ လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ ၁၀ ခုနှင့် မော်တော်ယာဉ် ၄ စီးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်များ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မေလ ၁၂ ရက်နေ့ ညပိုင်းတွင် ဝန်းသိုမြို့တွင်းရှိ ခမရ ၁၁၁ တပ်ရင်းနှင့် ခမရ ၁၂၀ တပ်ရင်းမှ စစ်သားများသည် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကြို့ကုန်းရွာ၊ မြိုင်ဇေယာရွာနှင့် ချေယားကုန်းရွာတို့ကို သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ မီးရှို့သွားလို့ နေအိမ် ဘယ်လောက်ပျက်စီးသွားလည်း ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက ရုတ်တရက် သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။




