30 C
Yangon

လောက်ကိုင်မှ တရုတ်နိုင်ငံသားအားလုံး အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်

Must read

လောက်ကိုင်မှ တရုတ်နိုင်ငံသားအားလုံး အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ရှိနေကြသော တရုတ်နိုင်ငံသားများအားလုံး အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း တရုတ်အစိုးရပိုင် CGTN သတင်းဌာန က သတင်းဖော်ပြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက လောက်ကိုင်မြို့နယ်ရှိ တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ချက်ချင်း ထွက်ခွာကြရန်၊ လောက်ကိုင်နှင့် အဝေးဆုံးတွင် နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း ၊နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း ၊ အဆိုပါ စစ်စခန်းသည် အကြမ်းဖက် စစ်တပ်၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိတွင် MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်‌မြို့ဘက်ကို ဦးတည်လာနေပြီဖြစ်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် လောက်ကိုင်တွင် ပြည်တွင်းမှ မြန်မာနိုင်ငံသားများ အပါအဝင် စစ်ဘေးရှောင် ပြည်သူ သောင်းချီ ပိတ်မိနေပြီး နေရပ် ပြန်၍ မရသေးကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များမှာ လက်နက်ကြီးများ ထိမှန်၍ သေဆုံးခြင်း၊ ရိက္ခာပြတ်လပ်ခြင်း အပါအဝင် ပိတ်မိပြီး ဒုက္ခရောက်နေကြကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များက နေရပ် ပြန်လိုသဖြင့် နှစ်ဖက်စလုံးက တိုက်ပွဲများ မဖော်ဆောင်မီ လမ်းများ ယာယီပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း ပြောဆိုကြသည်။

“လောက်ကိုင်မှာ ပြည်သူတွေ အများကြီး ပိတ်မိနေပါတယ်။ ရေ မီး ဖြတ်ထားပြီး ဆန်တွေလည်း ဝယ်လို့မရပါဘူး။ အလုပ်တွေကလည်း အကုန်လုံးနားလိုက်ရပြီး အလုပ်သမားတွေအကုန်လုံးက နေစရာမရှိတော့ဘူး။ ၁၂၅ စစ်ဘေးရှောင်စခန်းမှာ သွားနေကြရပါတယ်။ စစ်ဘေးရှောင်စခန်းမှာ အမိုးအကာတစ်ခုပဲ ပေးထားတဲ့အတွက် နေထိုင်သူတွေက ဝမ်းရောဂါတွေလည်း ရနေကြတယ်။ စားစရာက ကိုယ့်ဘာသာကိုယ်ချက်စားရတယ်။ ဝယ်စားရတယ်။ မီးလည်းမရှိပါဘူး. ရေလည်းမရှိပါဘူး။ စစ်ဘေးရှောင်စခန်းမှာနေတဲ့သူတွေအတွက် အရမ်းဒုက္ခရောက်ရပါတယ်။ ဖုန်းလိုင်တွေလည်း ဖြတ်ထားလို့ တရုတ်လိုင်းပူးတဲ့အချိန်မှာပဲ သုံးလို့ရပါတယ်။ ဆန်ကဝယ်လို့မရ၊ မီးကမရှိ၊ ရေကမရှိ။ အိမ်တွေနဲ့အဆက်သွယ်ပြတ်ပြီး စိတ်ပူနေကြပါတယ်။ အလုပ်အကိုင်တွေလည်း မရှိကြတော့ဘူး။ ဘယ်လောက်ထိ ဒုက္ခခံရဦးမယ် မသိဘူး။ အကုန်လုံးက အိမ်ပြန်ချင်ကြပါတယ်။ ပြန်ဖို့ကြိုးစားကြတော့ ဂိတ်တွေကပိတ်ထားလို့ လမ်းမှာလက်နက်ကြီးမှန်ပြီး ဒဏ်ရာ ရသူ၊ သေသူတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လမ်းတွေ ခဏလောက် ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု လောက်ကိုင်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- MNDAA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article