ပေါက်တောမြို့တွင် ယနေ့ ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပေါက်တောမြို့ ထပ်မံ မီးများလောင်နေ
ရန်ကုန်| နိုဝင်ဘာ ၂၉
ရခိုင်ပြည် ပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ စစ်ကောင်စီမှ အင်အား ၁၈၀ ခန့် ဖြည့်တင်းခဲ့ပြီး ၂၁ ရက်နေ့ ရက္ခိုင့်တပ်တော် AA မှ ယနေ့အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ အင်အား ၇၀ ခန့်သာ ကျန်ရှိတော့ကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။
ခေတ္တလက်လွှတ်ခဲ့ရသည့် ပေါက်တောမြို့ကို AA က ၂၁ ရက်နေ့က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ၉ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၇၀ ခန့်သာ ကျန်ရှိတော့ကြောင်း ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှာပင် ပေါက်တောမြို့ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်အရ သိရသည်။
ပေါက်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ပေါက်တောကို စစ်ကောင်စီက ရွှေပြည်တန်နဲ့ နေဗီက အင်အားဖြည့်ခဲ့တာ ၁၈၀ လောက်ရှိတယ်။ ရဲတွေလည်း ပါတာပေါ့လေ။ အဲဒီထဲက ဒီနေ့အထိဆိုရင် AA က သုတ်သင်ခဲ့တာ ၁၀၀ လောက်ရှိနေပြီ။ ကျန်မယ်ဆိုရင် ၇၀ လောက်ပဲ ရှိအုံးမယ်။ AA ရဲ့ ထိုးစစ်ကို အဓိက နေဗီ၊ လေယာဉ်နဲ့ စစ်တွေက ပစ်ကူပေးနေတာပဲရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် အဆိုပါ တပ်အင်အားကို ပေါက်တောမြို့၏ လောကထိပ်ပန်ဘုရား၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာ အဆောက်အဦအချို့နှင့် အချက်အခြာကျသည့် လမ်းဆုံးလမ်းခွများတွင် နေရာယူထားကြခြင်းဖြစ်သည်ဟု သိရသည်။
လောကထိပ်ပန်ဘုရားရင်ပြင်မှ တပ်အင်အားအချို့ကို AA မှ ရှင်းလင်းခဲ့ပြီး အများစုက မြို့မရဲစခန်းတွင် အထိုင်ချထားကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက သို့ ပြောသည်။
“လောကထိပ်ပန်မှာက မရှိတော့ဘူးလို့ ပြောလို့ရတယ်။ အဓိက ရဲစခန်းနဲ့ ဌာနဆိုင်ရာ အဆောက်အဦအချို့မှာ နေရာယူထားကြတယ်။ ပြီးတော့ လူနေအိမ်တွေမှာလည်း နေရာယူထားကြတယ်။ စနိုက်ပါသမားတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်ကောင်စီ စနိုက်ပါသမားကြောင့် AA ဘက်က တစ်ယောက် ခြေသလုံးမှာ ကျည် ထိသွားတာရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက ရွှေပြည်တန်အမြန်ရေယာဉ် နှစ်စီးနှင့် နေဗီ (စစ်ရေယာဉ်) တို့က စစ်သား ၁၀၀ ကျော်နှင့် ရဲအယောင်ဆောင် စစ်သား ၆၀ ကျော်ကို ဖြည့်တင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ညက ပေါက်တောမြို့မရဲစခန်းတစ်ခုလုံး လက်နက်အပြည့်အစုံဖြင့် ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချအလင်းဝင်ခြင်းကြောင့် ၁၆ ရက်နေ့ နံနက်ပိုင်းအထိ AA က မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်များကို ထိန်းချုပ်ခဲ့သည်။
ပေါက်တောမြို့ကို AA မှ ထိန်းချုပ်ခဲ့ပြီးနောက် ၁၆ ရက်နေ့ နေ့လယ်နှင့် ညနေပိုင်းတွင် စစ်ကောင်စီမှ နေဗီ၊ လေယာဉ်များဖြင့် ပစ်ခတ်၍ တပ်အင်အား ၁၈၀ ခန့်ကို ပြန်လည်ဖြည့်တင်းကာ တပ်စွဲလိုက်ပြီး AA ကမူ ခေတ္တဆုတ်သွားခဲ့ရသည်။
AA ဆုတ်ခွာပြီးနောက် တပ်စွဲလာသော စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်လာသူများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ” ၁၆ ရက်နေ့ နေ့လယ်လောက် ကတည်းက စစ်ကောင်စီ နေဗီ ပစ်ခတ်ပြီး တက်လာတယ်ဆိုလို့ မြို့သားမြို့သား အများစုဟာ ဘေးကင်းရာကို ထွက်ပြေးသွားကြတယ်။ ကိုယ့်အိမ်ကိုယ့်စောင့်ရှောက်ဖို့နဲ့ ထွက်ပြေးလို့ မရလိုက်တဲ့ သူတွေလည်း ရာနဲ့ချီ ကျန်နေခဲ့ကြတယ်။ အဲဒီတော့ ညနေမှာ တပ်လာစွဲတဲ့ စစ်ကောင်စီတပ်က ကျန်နေခဲ့တဲ့ အရပ်သား
တွေထဲက ရာနှင့်ချီ ဖမ်းဆီးပြီး ဒါဇင်နှင့်ချီ သတ်ဖြတ်မှုတွေကို လုပ်ခဲ့တယ်” ဟု ပြောသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီ စနိုက်ပါသမား ၄ ဦးထက်မနည်းရှိနေပြီး AA တပ်ဖွဲ့ဝင်များအား ဦးတည်ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသော အရပ်သားများနှင့် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ရန်နှင့် စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် အရပ်သားများအတွက် လက်တုန့်ပြန် နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ကစ၍ ရက္ခိုင့်တပ်တော် AA မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
ပေါက်တောမြို့ တိုက်ပွဲကာလ ၉ ရက်တာအတွင်း AA မှ စစ်ကောင်စီ ဖမ်းဆီးထားသော အရပ်သားများနှင့် ပိတ်မိနေသူများအား ၄ ကြိမ်တိုင်တိုင် ကယ်ထုတ်ခဲ့ပြီး ယနေ့အချိန်အထိ အရပ်သား ၃၁၀ ကျော်ကို ကယ်ထုတ်ထားပြီဟု သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ၁၂၀ ဦး၊ ၂၂ ရက်နေ့က ၁၀၄ ဦး၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ၅၉ ဦးနှင့် ယနေ့ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ၁၀ ဦးကျော်တို့ကို AA က ကယ်ထုတ်ထားပြီဖြစ်သည်။
ဆက်လက်ပြီး ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် ပိတ်မိနေသည့် အရပ်သားများကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့ ၉ ရက်မြောက်အထိ ပေါက်တောမြို့ကို စစ်ကောင်စီသည် နေဗီများ၊ လေယာဉ်များနှင့် စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်။
စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့ လူနေရပ်ကွက်များ မီးလောင်၍ နေအိမ်များ ပျက်စီးဆုံးရှုံးနေသလို မြို့မဈေးလည်း မီးလောင်ပြာကျသွားပြီဟု မျက်မြင်ဒေသခံများက ပြောဆိုကြသည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်တွေအမှတ် ၁၂ ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့မဈေးနှင့်အနီးအနား နေအိမ်များ မီးလောင်နေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
မျက်မြင်ဒေသခံတစ်ဦးက “မနေ့ည ၁၂ နာရီလောက်ကနေ မနက်မိုးလင်းတဲ့အထိ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ကြတာ။ ဒီနေ့ မနက်မှာ စစ်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်တောမြို့မဈေးနဲ့ နေအိမ်တွေ ထပ်ပြီး မီးလောင်နေပါတယ်။ နေဗီတွေကလည်း လှမ်းပစ်တာတွေ ရှိတယ်။ အခုလည်း ပင်လယ်ပတ် နေဗီတစ်စီး ပေါက်တောမြို့ကို တက်လာတယ်။ ရဖီးချပ်အနီးကို ရောက်နေပါပြီ ” ဟု ပြောသည်။
ပေါက်တောမြို့အနီးတွင် စစ်ကောင်စီ နေဗီ (ဗျ ဒေသအခေါ်) ၃ စီးရှိပြီး ယင်းနေဗီများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်းနှင့် ထပ်မံ၍လည်း ပင်လယ်ပတ် နေဗီ (ထိပ်ချွန်း) ၁ စီး ပေါက်တောမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ တက်လာနေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပေါက်တောမြို့ AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်နေသည့်အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ပိတ်မိနေသည့် အရပ်သား ၅ ဦးထက်နည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့သည် ယနေ့ အချိန်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားနေကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ-ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ပြည် ပေါက်တောမြို့ မီးလောင်နေသည့် မြင်ကွင်း။