တန့်ဆည်မြို့ပေါ် တိုက်ပွဲများတွင် ရဲစခန်းကို သိမ်းပိုက်ခါနီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခြင်းနှင့် စစ်ကူရောက်လာခြင်းကြောင့် PDF တပ်များ ပြန် ဆုတ်ခွာရ၊ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
■ PDF ၁ ဦးကျဆုံးပြီး ပြည်သူ ၁ ဦး စစ်တပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းအားလုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရဲစခန်းကို သိမ်းပိုက် ရရှိခါနီးတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ပြီး စစ်ကူများ ပို့ဆောင်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုကြသည်။
တန့်ဆည်မြို့မရဲစခန်းကို နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၁ နာရီ ၃၀မိနစ်မှစ၍ နိုဝင်ဘာလ ၂၉ရက် မွန်းလွဲ ၂နာရီခန့်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ကြိမ်တိုင်တိုင် ပေါင်၅၀၀ဗုံး ၆လုံး ကျဲချခဲ့ပြီး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၂ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“တန့်ဆည်ရဲစခန်းကို သိမ်းနိုင်ဖို့ ဘန်ကာနှစ်ခုပဲ ရှင်းဖို့ကျန်တော့တယ်၊ စစ်ခွေးအလောင်းတွေလည်းပုံနေပြီ၊ လက်နက်တွေလည်းကောက်နေပြီ။ အဲ့မှာ လေကြောင်းကလာပစ်တာ ၅ ကြိမ်၊ ရေဦးဘက်ကနေ စစ်ကူတွေ လေယာဉ်နဲ့ ၃ ခေါက်ပို့တာလည်း အင်အား ၇၀ကျော်တယ်။ ကန့်ဘလူဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတာဆိုတော့ ကျနော်တို့ကလည်း အထိအခိုက်များလာမှာ စိုးရိမ်တာနဲ့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ရှေ့တန်းရဲဘော်က ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ရဲစခန်းထဲတွင် စစ်သားအလောင်းများ စုပြုံထပ်နေသည်ကို တွေ့ရှိရကြောင်း၊ လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း ရှေ့တန်းရဲဘော်က ဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင် ကွပ်ကဲရေး(၁)၏ ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
တန့်ဆည်မြို့မရဲစခန်းတိုက်ပွဲတွင် ရွှေဘိုခရိုင် တပ်ရင်း ၉ မှ ရဲဘော်တစ်ဦး ကျဆုံး၍ အခြားရဲဘော် ၅ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး တန့်ဆည်မြို့မှ စစ်ဘေးရှောင်ဒေသခံတစ်ဦး ကန့်ဘလူနယ်ဘက်မှ စစ်ကောင်စီတပ်က ပစ်ခတ်သော ဟောင်ဝစ်ဇာ လက်နက် ကြီး ကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- ယနေ့တန့်ဆည်မြို့ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲနေစဉ်။
