ပုလဲမြို့နယ်၊ မြကုန်းရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၈ လုံးကိုမီးရှို့ ဖျက်ဆီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ကာ ပြည် သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၁၈ လုံးကိုမီးရှို့ဖျက်ဆီးကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပုလဲမြို့နယ်၊ မြကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ဗမာ့အမျိုးသားတပ်မတော် – BNRA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုနှင့် ထိ တွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အများ အပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြကုန်း ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၁၈ လုံး ကိုမီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
“ပုလဲမြို့မှာရှိတဲ့ မြို့စောင့်တပ်အပါအဝင် စစ်ကြောင်းက မြို့အနောက်ဘက်က မြကုန်းကျေးရွာကို ဝင်စီးတာ၊ ဝင်စီးပြီးတော့ ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးပေါ့၊ အဲဒီကလေးတစ်ယောက် ကို မိသွားတော့ အဲဒီကလေးကို သတ်ပစ်လိုက်တာ၊ သတ်ပြီးတော့ ကလေးရဲ့ ပုဆိုးကွင်းကို ချွတ်ပြီး တော့ PDF ယူနီဖောင်း ဝတ်ပေးပြီး အလောင်းစွန့်ပစ်ခဲ့တာ၊ အနေအထားကတော့ PDF တစ်ယောက် သတ်ခဲ့တဲ့ပုံစံမျိုး လုပ်ချင်ပုံရပါတယ်၊ မြကုန်းရွာထဲအဝင်မှာတော့ BNRA အပါအဝင် ပြည်သူ့တော် လှန်ရေးတပ်ပေါင်းစုနဲ့တော့ နည်းနည်းထိတွေ့မှုဖြစ်လိုက်သေးတာပေါ့နော၊ ထိတွေ့မှုဖြစ်ပြီးတော့ BNRA ဘက်က ရဲဘော်တစ်ဦးကတော့ ကျသွားတယ်၊” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာကာ ၆ ကြိမ်ခန့် ဝဲပျံသန်းပြီး မြကုန်းရွာအပါအဝင် ပုလဲမြို့ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပုလဲ- ဂန့်ဂေါ လမ်း တလျှောက်ရှိ ကုက္ကိုကုန်း ကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ နှောကန်ကျေးရွာနှင့် မင်းတိုင်ပင်ရွာတို့ကို ထပ်မံပစ်ခတ် တိုက်ခိုက် ခဲ့ရာ ပြည်သူများထိခိုက်မှုမရှိသော်လည်း မင်းတိုင်ပင်ကျေးရွာရှိ နေအိမ် ၂ လုံးထိခိုက်ပျက်စီးမှုရှိ ကြောင်း သိရသည်။
“ပုလဲနဲ့ မြကုန်းကျေးရွာကလည်း ဆက်လျက်နီးပါးရှိနေတာဆိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ပိုင်းကတည်းက ပြန်ဝင်သွားတာ၊ လက်ရှိအချိန်အထိတော့ ထွက်လာတာမရှိသေးဘူး၊ ဒီဘက်က လည်းစောင့်ကြည့်နေရတာပေါ့၊ သူတို့ဘက်အချိန်ထွက်မလဲဆိုတာ၊” ဟု ပုလဲမြို့နယ်ပြည်သူ့ အုပ် ချုပ် ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက် က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။