မုံရွာမြို့နယ်တွင် ကင်းပုန်းဝပ်နေသော ပျူစောထီးများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ တောင်သာမြို့နယ်တွင် စစ်တပ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများ ကင်းပုန်းဝပ်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ည ၇ နာရီခွဲခန့်က မုံရွာမြို့နယ်၊ တောပုရွာအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို တာဝေးပစ်လက်လုပ် ၈၀ မမ ၅ လုံး၊ တာဝေးပစ် လက် လုပ် ၆၀ မမ ၁၀ လုံးဖြင့် နေရာ ၃ နေရာခွဲခြားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသော နေရာ များကို ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများဘက်မှ ၆၀ မမ လက် နက် ကြီး များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တောပုပျူရွာကို နေရာခွဲပြီး ဝိုင်းထုကြတာ၊တာဝေးပစ်ခဲ့တာရယ်၊ ညပိုင်းလည်းဖြစ်နေတာကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရလို့ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊ ကင်းပုန်းဝပ်တဲ့နေရာကိုတော့ တည့်တည့်ကျတယ်” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Area 71PDF Monywa အဖွဲ့၊ မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်း တပ်ခွဲ ၁ BIack Dragon ၊ မုံရွာ ခရိုင်အမှတ် ၂၇ တပ်ရင်းတပ်ခွဲ ၃ သိန်းငှက်တပ်ခွဲ ၊ Black Hero Local PDF ၊ YOUTH VIGOR REVLUTION FORCE နှင့် ညီနောင်မဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းကျေးရွာအနီး အကြမ်းဖက် စစ်တပ် ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan District Army MDA3 အဖွဲ့ထံမှ သိရသည်။
တောင်သာမြို့နယ်၊ ကျွဲတလင်းကျေးရွာအတွင်းရှိ
ပျူစောထီးများ ခေါ်ဆောင်လာသော စစ်ကောင်စီ တပ်သားများကို ကျွဲတလင်းကျေးရွာ အထွက်တွင် Myingyan District Army MDA 3 အဖွဲ့က ရှေ့ထွက်မိုင်း ၃ လုံးနှင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော စစ်သားအလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကားပေါ်ပွေ့တင်သွားပြီး မိတ္ထီလာဆေးရုံကို သယ်ဆောင်သွားကြောင်းသိရသည်။