32 C
Yangon

တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ အကျဥ်းဦးစီး၊ ဆင်ဖြူရှင် ၄ စခန်း နှင့် ထားဝယ်မြို့ပြင်ရှိ အကျဥ်းထောင်သစ်၊ တိုးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်း

Must read

တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ အကျဥ်းဦးစီး၊ ဆင်ဖြူရှင် ၄ စခန်း နှင့် ထားဝယ်မြို့ပြင်ရှိ အကျဥ်းထောင်သစ်၊ တိုးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဒီဇင်ဘာ ၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ အကျဥ်းဦးစီးနှင့် ဆင်ဖြူရှင် ၄ စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း KTLA-tcjf တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် တနင်္သာမြို့နယ်၊ ထုံခါ ကျေးရွာရှိ အကျဥ်းဦးစီးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာသွားသော ဆင်ဖြူရှင် ၄ စခန်းကို တောင်ပိုင်းညီနောင် ၃ ဖွဲ့ (SBA) ဖြစ်သော KTLA ထီးစယ်မယ်ယွာတပ်ရင်း၊ ခွဲ ၃ ၊ ခွတ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် People liberation army PLA တို့က ဝင်ရောက် မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကျဥ်းစခန်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မကြာခဏ ဝင်ရောက်စခန်းချ နေထိုင်လေ့ရှိပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စခန်း စွန့်ခွာ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီ တပ်သားများ မကြာခဏ ကင်းပုန်းလာဝတ်လေ့ရှိကြောင်း သိရပါသည်။

တောင်ပိုင်း ညီနောင် ၃ ဖွဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးစဥ် မီးမလောင်နိုင်သည့် အဆောက်အဦး ၃ ခုမှလွဲ၍ ကျန်အဆေက်အဦး အားလုံးပျက်စီးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု မရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် ဇီးကျရွာတိုးဂိတ်နဲ့ အကျဉ်းထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် မီးရှို့ ရှင်းလင်းခဲ့​ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကျရွာအနီး ကားလမ်းမ အရှေ့ဘက်ရှိ အသစ်ဆောက်လုပ်နေသည့် ထားဝယ် အကျဥ်းထောင်သစ် ဆော​က်လုပ်ရေးလုပ်ငန်းခွင်ရှိ စက်ယန္တရားများ၊ အလုပ်သမားအဆောင်များကို ပြည်သူ့ ကာကွယ်ရေး ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ပြီး အလုပ်သမားများကို လုပ်ငန်းရပ်တန့်ရန် သတိပေးကြောင်း၊ ယင်းလုပ်ငန်းခွင်တွင် အလုပ်သမား ၂၀၀ ခန့်အထိရှိကြောင်း ဒေသ ပြည်သူများ ပြောပြချက်အရ သိရှိရသည်။

ယင်း လုပ်ငန်းခွင်ကြီးကြပ်နေသည့် တာဝန်ခံတစ်ချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ ၆ ဦးခန့် ရှိနိုင်ပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အဆိုပါ အကျဥ်းထောင်သစ်လုပ်ငန်းခွင်နှင့် မလှမ်းမကမ်းတွင် ရှိသော ရေး-ထားဝယ်လမ်းပိုင်းရှိ ဇီးကျတိုးဂိတ် အဆောက်အအုံကိုလည်း ထပ်မံ မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

တိုးဂိတ်ကို မီးရှို့ ရှင်းလင်းပြီးနောက် ဝန်ထမ်းများကို ဖမ်းဆီးသွားခြင်း မရှိကြောင်း၊ ၂ ရက်ဆက် မီးရှို့ခံရသည့် အကျဥ်းထောင်သစ်လုပ်ငန်းခွင်နှင့် တိုးဂိတ်တို့သည် ဇီးကျရွာတစ်ဝိုက်တွင်ရှိပြီး မီးရှို့ခံရသည့် နေရာ ၂ ခုနှင့် ၁ မိုင်ခန့် အကွာအဝေးတွင် စစ်ကောင်စီတပ်သားများ အခိုင်အမာ တပ်စွဲထားသည့် ဘုရားမဲ စစ်ဆေးရေးဂိတ်ရှိကာ မီးရှို့ခံနေရချိန် စစ်ကောင်စီတပ်သားတွေ ဂိတ်ထဲမှ ထွက်မလာကြောင်း သိရသည်။

အဆိုပါ အကျဥ်းထောင်သစ် မီးရှို့ခံရချိန်တွင် ဘုရားမဲစစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်​ခန့်ရှိပြီး တိုးဂိတ်မီးရှို့ခံရချိန်မှာတွင် စစ်ကောင်စီတပ်သား ၅၀ ကျော်အထိ စစ်ဆေးရေးဂိတ်တွင်ရှိနေကြောင်း၊ မီးရှို့ခံခဲ့ရသည့် အကျဥ်းထောင်သစ်လုပ်ငန်းခွင်နှင့် တိုးဂိတ်တို့ကို ယနေ့ နံနက်ပိုင်းအထိ ပြန်လည် ပြင်ဆင်ခြင်း မရှိသေး​ကြောင်း၊ ယင်း အကျဥ်းထောင်သစ်လုပ်ငန်းခွင်နှင့် ဇီးကျရွာ တိုးဂိတ်တို့ကို မည်သည့် အဖွဲ့က မီးရှို့ခဲ့သည်ကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရသည်။

Photo – တောင်ပိုင်းညီနောင် ၃ ဖွဲ့ မီးရှို့ရှင်းလင်းခဲ့သည့် ထုံခါရွာရှိ အကျဥ်းဦးစီးနှင့် ဆင်ဖြူရှင် ၄ စခန်းအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article