29.5 C
Yangon

တစ်နိုင်ငံလုံး စက်သုံးဆီခက်ခဲ၍ စျေးနှုန်းမြင့်တက်နေချိန် အထက်မင်းလှမြို့တွင် စစ်တပ်က ဘောက်ဆာကားများဖြင့် စက်သုံးဆီများ မှောင်ခို ခိုးထုတ်ရောင်း

Must read

တစ်နိုင်ငံလုံး စက်သုံးဆီခက်ခဲ၍ စျေးနှုန်းမြင့်တက်နေချိန် အထက်မင်းလှမြို့တွင် စစ်တပ်က ဘောက်ဆာကားများဖြင့် စက်သုံးဆီများ မှောင်ခို ခိုးထုတ်ရောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၆

တစ်နိုင်ငံလုံး စက်သုံးဆီ ခက်ခဲနေချိန် မကွေးတိုင်း၊ အထက်မင်းလှမြို့တွင် စစ်ကောင်စီတပ်က ဘောက်ဆာကားများဖြင့် စက်သုံးဆီများ မှောင်ခို ခိုးထုတ်ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အထက်မင်းလှမြို့နယ်တွင်လည်း စက်သုံးဆီများ ဝယ်မရဘဲ လမ်းဘေး ရေသန့်ဗူးခွံ့ဖြင့် ရောင်းချသည့် ဓာတ်ဆီများကို အဓိက ထားဝယ်ယူနေရ ကြောင်း၊ အထက်မင်းလှမြို့ရှိ သံပုရာကန်ရေနံချက်စက်ရုံတွင် ပုဂ္ဂလိက ဆီဘောက်ဆာကားများအပြင် လက်နက်စက်ရုံတပ် (ကပစ) များမှ စစ်ကားများဖြင့် ဆီများ ကြိတ်ကြိတ်တိုး လာရောက်ထုတ်ယူနေကြကြောင်း၊ စစ်တပ် ဆီဘောက်ဆာကားများက သံပုရာကန် ရေနံချက်စက်ရုံမှ စက်သုံးဆီများ ထုတ်ယူပြီးနောက် အထက်မင်းလှမြို့ မှောင်ခိုစျေးကွက်တွင် ပြန်လည် ထုတ်ရောင်းကြကြောင်း သိရှိရသည်။

အထက်မင်းလှမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဝယ်မရသဖြင့် လမ်းဘေး မှောင် ခို ဆီအရောင်းဆိုင်များမှ ရေသန့်ဗူးများဖြင့် ရောင်းချသည့် ဓာတ်ဆီများကို အားကိုး ဝယ်ယူနေရကြောင်း၊ ယင်းလမ်းဘေးဆိုင်များသို့ စစ်တပ်က မှောင်ခို ဆီထုတ်ရောင်းပြီး အခြားသော စက်ရုံ အလုပ်ရုံများသို့လည်း စစ်တပ်က ဆီမှောင်ခိုများ လိုက်လံ ရောင်းချကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ လက်နက်နှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ (ကပစ) တွေပေါများတဲ့ အထက်မင်းလှမြို့မှာတော့ စက်သုံးဆီများပြတ်လပ်နေပါတယ်။ လမ်းဘေးမှာ ရေသန့်ဘူးခွံနဲ့ ဓါတ်ဆီရောင်းနေတာတွေ အလုပ်ဖြစ်နေပါတယ်။ အစိုးရ သံပုရာကန်ရေနံချက်စက်ရုံမှာတော့ ပုဂ္ဂလိက ဆီဘောက်ဆာတွေအပြင် စစ်ကောင်စီ ဆီဘောက်ဆာ အစီးရေအများအပြားလည်း ဆီတိုးထုတ်နေကြတယ်။ စစ်တပ်တွေမှာတော့ ဆီတွေ ပိုလျှံနေလို့ ဆီတွေ ခိုးထုတ်ရောင်းနေကြတယ်” ဟု အထက်မင်းလှမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ စက်သုံးဆီများ ထုတ်ယူရမှု အလွန်ခက်ခဲသဖြင့် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ကာ မြို့ကြီးများရှိ အရောင်းဆိုင်များတွင် ယာဉ်များ၊ ဆိုင်ကယ်များ ကြိတ်ကြိတ်တိုး တန်းစီ၍ အလှည့်ကျစနစ်ဖြင့် စက်သုံးဆီများ ဝယ်ယူနေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ အထက်မင်းလှမြို့တွင် ကပစ တပ်များက ဆီဘောက်ဆာများဖြင့် စက်သုံးဆီများ မှောင်ခို ရောင်းချနေသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article