ရန်ကုန်၊ မတ် ၃၀
ငွေစက္ကူများ ရိုက်နှိပ်နိုင်သည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန်လေယာဉ်တစ်စင်း ယနေ့ညပိုင်း နေပြည်တော်သို့ ဆိုက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။
အီရန်လေယာဉ်ဖြင့် သယ်ဆောင်လာမည့် ငွေစက္ကူရိုက်နှိပ်နိုင်သည့် စက္ကူကုန် ကြမ်းများကို Uzbekistan နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ် ဆင်းသက်စဉ် လုံခြုံရေးကိုလည်း စစ်တပ်ကပင် ကိုင်တွယ်မည်ဖြစ်ပြီး ကုန်တင်ကုန်ချ အားလုံးကို စစ်တပ်က ဦးဆောင်စီမံကွပ်ကဲကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်၏ စုံစမ်းမေးမြန်းချက်များအရ စစ်ကောင်စီသည် အာဏာ သိမ်း တစ်နှစ်ကျော်ကာလအတွင်း ၂၀၂၁ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ငွေစက္ကူ ကုန်ကြမ်းတန်ချိန် ၁၀၀ အထက် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံတင်သွင်းရန် မှာယူထားပြီးဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် စစ်တပ်က ငွေစက္ကူ ကုန်းကြမ်းများနှင့် ငွေစက္ကူမင်များကို လက်လှမ်းမီ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်သည်။
ထို့ပြင် စစ်တပ်က မကွေးတိုင်းအတွင်းရှိ ဝါဇီစက်ရုံတွင် ငွေစက္ကူထုတ်လုပ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ၂၄ နာရီ မီးမပြတ်ရေးနှင့် မီးလိုင်းများ ဖောက် ခွဲခံရမှု မရှိစေရန် လုံခြုံရေး အထူးအစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“မတ်လဆန်းပိုင်းကစပြီး စကစ ဝါဇီစက်ရုံ ၂၄ နာရီ Run နိုင်ဖို့ မီးလိုင်းတွေ ပြန်ဆင်တယ်။ လျှပ်စစ်ဝန်ကြီး ကိုယ်တိုင် ဦးဆောင်ပြီးတော့ သက်ဆိုင်တဲ့ တပ်တွေနဲ့ပူးတွဲ လုပ်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးလေဆိပ်သို့ ရုရှားကုန်တင်လေယာဉ်များ၊ အီရန်လေယာဉ်များ အကြိမ်ကြိမ် ဆင်းသက်လျက်ရှိပြီး ကုန်တင်လေယာဉ်များဆင်းသက်ချိန် လေဆိပ်တစ်ခုလုံးကို စစ်တပ်က လုံခြုံရေး ချထားလေ့ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- တစ်သောင်းတန်ငွေစက္ကူများ။