တောင်ငူတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ မြောင်မြို့မရဲစခန်း နှင့် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပန်းပဲချောင်းထဲတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၅၀၁ ထံမှ သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာမှ နတ်ရေတွင်း ကျေးရွာဘက်သို့ ပန်းပဲ ချောင်းအတိုင်း ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို စနိုက်ပါဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ကစင်ကလျား ထွက်ပြေးသွားကြောင်း၊ သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ကာ ဝက်ခေါက်စိန် အထိုင်စခန်းမှ တပ်ကူများရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်မြို့မရဲစခန်းနှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က မြောင်မြိုနယ်၊ ကျောက်ရစ်စခန်းမှ ဘူးကိုင်းကျေးရွာနှင့် ဆယ်ရွာဘက်သို့ စစ်ကြောင်းပြီး ပြန်လည်ဝင်ရောက်လာသော အင်အား ၃၇ ဦးပါ စစ်ကြောင်းကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဗုံးသီး ၁ လုံး၊ မွန်းတည့် ၁၂ နာရိ ၁၁ မိနစ်တွင် ဗုံးသီး ၁ လုံး၊ မွန်းတည့် ၁၂ နာရီ ၃၃ မိနစ် တွင် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM 001 Drone Taem ၊ ဆင်ရိုင်း စစ်ကြောင်း – မြောင်၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြောင်မြို့နယ် ပလဖ ၊ ကျေးရွာ တပ်ပေါင်းစု၊ 11 Brothers Revolution Force ၊ ဝရဇိန် ထုပ်လုပ်ရေး -မြောင်၊ နောင်းရိုး – ငါးဇွန်၊ LACR မြင်းခြံ နှင့် 8 Star မြင်းခြံတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီခန့်မှ စ၍ မြောင်မြို့မရဲစခန်းပတ်ပတ်လည် သံဆူး ကြိုးကာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၃ ဦးဒဏ်ရာရရှိပြီး သေဆုံးမှုအရေအတွက်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM 001 Drone Team ၊ Shar Htoo Waw Drone Team 6 နှင့် မြောင်မြို့နယ် ပလဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။