29 C
Yangon

မလေးရှားနှင့် ထိုင်းတို့တွင် စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံမှုအပေါ် ဆန့်ကျင်ဆန္ဒပြကြမည်

Must read

မလေးရှားနှင့် ထိုင်းတို့တွင် စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံမှုအပေါ် ဆန့်ကျင်ဆန္ဒပြကြမည်

■ စစ်အာဏာရှင်ကို ဆန့်ကျင်အန်တုခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကျေးဇူးတင်ဟု NUG ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မလေးရှားနှင့်ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက စစ်ကောင်စီက အတင်းအကျပ်အခွန်ကောက်ခံမှုကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်သွားရန် စီစဉ်နေကြောင်း မြန်မာအလုပ်သမားကွန်ရက်များထံမှ သိရှိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ၂ ရာခိုင်နှုန်း အခွန်ကောက်ခံမှုအပေါ် ထိုင်းရောက် မြန်မာများက ဒီဇင်ဘာလ ၁၇ ရက်နေ့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြခဲ့ကြောင်း၊ ထပ်မံ၍ ကန့်ကွက်ဆန္ဒပြပွဲများကို မြန်မာသံရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

အလားတူ မလေးရှားနိုင်ငံတွင်လည်း စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာအလုပ်သမားများအပေါ် အတင်းအကျပ် အခွန်ကောက်ခံရန် ကြိုးစားလာမှုကို ဆန့်ကျင်သော ကန့်ကွက်ဆန္ဒပြမှုများ မလေးရှားရောက် မြန်မာများက ပြုလုပ်သွားရန် ရှိနေကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမူ ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အကြမ်း ဖက်စစ်တပ်မှ ဖိအားပေးညွှန်ကြားခဲ့သည့် မိသားစုသို့ပြန်လွှဲပို့ငွေများကို ပို့ရန်ညွှန်ကြားချက်ကို ဆန့်ကျင်အန်တုခဲ့သည့်အတွက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို အထူးကျေးဇူးတင်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေသည့် နိုင်ငံခြားငွေ ဖြည့်ဆည်းရန်အတွက် ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများ၏ ချွေးနဲစာကို အတင်းအဓမ္မခေါင်းပုံဖြတ်ရယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေရာတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အခြေခံလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် ၃ လလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသည့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းမှ တစ်ဆင့် လွှဲပို့ရန် ဖိအားပေးညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အကြမ်းဖက်စစ်တပ်ကို အမိန့်အာဏာကို တော်လှန်စိတ်နှင့် ဆန့်ကျင်အန်တုသည့်အတွက် အကြမ်းဖက်စစ်တပ်ဆီသို့ မြန်မာနိုင်ငံတွင် ပြန်လည်လွှဲပို့ငွေများသည် ယခင်ကထက် ၁၀ ပုံ ၁ ပုံခန့်သာ ရရှိတော့သည်ဟု လေ့လာသိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။’

အကြမ်းဖက်စစ်တပ်ဆီသို့ လွှဲပို့ငွေများ မရောက်စေရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ကျရာ အခန်းကဏ္ဍမှ စိတ်အားထက်သန်စွာ အာဏာဖိဆန်ကာ ဘဏ္ဍာရေးတိုက်စစ်တွင် အချိန်ကိုက်ပါဝင်ခဲ့ကာ အကြမ်းဖက်စစ်တပ်သည် နိုင်ငံခြားငွေ ရရှိမှုသိသာစွာ လျော့နည်းခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၇ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် စစ်ကောင်စီ၏ အခွန်ကောက်ခံမှုအပေါ် မြန်မာလုပ်သားများက ဆန္ဒပြ နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article