28 C
Yangon

မူဆယ်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်တပ်စွဲမှုများ ရှိလာပြီး တိုက်ပွဲများ ပြင်းထန်လာမည် စိုးရိမ်၍ ပြည်သူများ ပြောင်းရွှေ့၊ တရုတ်ပြည်သို့ ဝင်ခွင့်ရရေးအတွက်လည်း ပြည်သူများ ကြိတ်ကြိတ်တိုး လုယက် တန်းစီနေကြ

Must read

မူဆယ်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်တပ်စွဲမှုများ ရှိလာပြီး တိုက်ပွဲများ ပြင်းထန်လာမည် စိုးရိမ်၍ ပြည်သူများ ပြောင်းရွှေ့၊ တရုတ်ပြည်သို့ ဝင်ခွင့်ရရေးအတွက်လည်း ပြည်သူများ ကြိတ်ကြိတ်တိုး လုယက် တန်းစီနေကြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်တပ်စွဲမှုများ ရှိလာပြီး တိုက်ပွဲများ ပြင်းထန်လာမည့် အခြေအနေများကြောင့် ပြည်သူများ အားလုံး ပြောင်းရွှေ့နေကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အလုံးစုံ အပြည့်အ၀ ထိန်းချုပ်ရေး မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောဆိုပြီးနောက် တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်၍ ပြည်သူများ ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

“မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို ညီနောင်မဟာမိတ်တွေက သိမ်းပြီးပြီဆိုတော့ မူဆယ်မြို့ပေါ်က အတော်ကို နီးတယ်။ ကုန်သွယ်ရေးဇုန်ကို သိမ်းမယ်လို့လည်း ကြေညာထားတော့ တိုက်ပွဲတွေက မြို့ပေါ်နဲ့ မြို့ဘေးနားက ရွာတွေဆီ ရောက်လာဖို့က သေချာသလောက်ပဲ။ ပြီးတော့ အခု စစ်တပ်က မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့နားက ရွာတွေထဲမှာဝင်‌ပြီး တပ်စွဲနေတာတွေလုပ်နေကြတယ်။ အဲဒီတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ မူဆယ်မြို့သိမ်းပွဲ လာမယ်ဆိုပြီး ပြောနေကြတယ်။ ဒီဇင်ဘာ ၂၈ မတိုင်ခင် ပြောင်းဖို့ စစ်တပ်က ပြောတာတွေ ရှိတယ်ဆိုပြီးတော့လည်း တစ်ဆင့်စကား တစ်ဆင့် ပြောနေကြတော့ အားလုံး စိုးရိမ်ထိတ်လန့်နေကြတာ။ စစ်တပ်က မူဆယ်မြို့ထဲ မဟာမိတ်တပ်တွေ ဝင်လာရင် မြို့ကိုပါ ဗုံးကျဲ ဖျက်ဆီးမယ်လို့ လည်းပြောနေတယ်” ဟု မူဆယ်မြို့ ခံတစ်ဦးက ရှင်းပြသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၁၄ ရက်နေ့ စစ်တပ်၏ ၁၀၅ မိုင် ဗျူဟာကုန်းတပ်စခန်းသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က

မူဆယ်မြို့ အနီးအနားဟိုနားရွာတွင်လည်းကောင်း၊ မူဆယ်မြို့၊ မြို့စွန် ရပ်ကွက်များ၊ ၄၅ ကုန်း ရပ်ကွက် များတွင် ဝင်ရောက်တပ်စွဲထားကြောင်း သိရှိရသည်။

လက်ရှိ မူဆယ်မြို့မှ ပြည်သူများမှာ တရုတ်ပြည်ဘက်သို့လည်းကောင်း၊ နမ့်ခမ်းဘက်သို့လည်းကောင်း တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးသည့် နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

မူဆယ်ဒေသမှ ပြည်သူများသည် တရုတ်ပြည်ဘက်သို့ ရွှေ့ပြောင်းရန် တရုတ်နိုင်ငံသို့ ၇ ရက် ဝင်ထွက်ခွင့်ပြုလုပ်နိုင်သည့် စိမ်းပြာကတ်ရရှိရေး တုံကင်များ ယနေ့ ကြိတ်ကြိတ်တိုး တန်းစီနေကြကြောင်း သိရှိရသည်။

“တရုတ်ပြည်ထဲကို ဝင်ဖို့ ဝင်ထွက်ကတ်ရဖို့ တုံကင် ဒီနေ့ နေ့လယ်ပိုင်းငွေဆင်အိမ်ယာ-မြစ်ရွှေလီစားသောက်ဆိုင်ရှေ့မှာ ပေးတယ်။ အဲဒါက လည်း ပုံမှန် မပေးဘူး။ တစ်ပတ် ၊ ၁၀ ရက်လောက်ကြာမှာ တစ်ခါ တရုတ်ပြည်ဝင်ထွက်ကတ်ပေးတာ။ ဒီနေ့ပေးတော့ လူတွေ ကြိတ်ကြိတ်တိုးပဲ တန်းစီပြီး တုံကင်ယူကြတာ။ ကတ်ရဖို့ တုံကင်တင်မှာပဲ လူက ထောင်ချီတိုးနေတာ” ဟု မူဆယ်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ မူဆယ်တွင် တရုတ်ပြည်ထဲ ဝင်ထွက်ခွင့် တုံကင် ရယူရန်ကို ပြည်သူများ တန်းစီနေကြစဉ်။

Photo- လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article