29 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

■ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝေဒီကျေးရွာ၊ ကညုံကျွန်းကျေးရွာ၊ ပြင်းထိန်ကျေးရွာကို စတင်ဝင်ရောက် စီးနင်းပြီး ပြည်သူ တချို့ကို ဖမ်းဆီးကာ နေအိမ်များကို မွှေနှောက် ဖျက်ဆီးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို ဝင်ရောက် စီးနင်းပြီး လေးသွန်းခံရွာမှ နေအိမ် ၁၂ လုံးနှင့် စစ်ပြဲကျေးရွာမှ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ပြဲကျေးရွာမှ အသက် ၃၀ အရွယ် ပြည်သူ တစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဂေါ့အင်း၊ ပိန္နဲတော၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန် စသည့် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကဒက်ကြီးကျေးရွာအနီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

လက်ရှိချိန်တွင် ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ၊ စစ်ပြဲ၊ ဂေါ့အင်း၊ ပိန္နဲတော၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်၊ ကဒက်ကြီး စသည့်ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ စစ်ခွေးတွေက ဒက်ကြီးကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတယ်။ ဒေသ ပြည်သူတွေ အနေနဲ့ အရေးကြီးပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို လုံခြုံစွာ ထိန်းသိမ်းထားဖို့နဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့နှိုးဆော်တိုက်တွန်းလိုပါတယ်” လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article