လောက်ကိုင်မှ အွန်လိုင်းငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့၊ အရှေ့တောင်အာရှတွင် အကြီးဆုံးသော အွန်လိုင်းငွေလိမ်လည်သည့်အဖွဲ့ကို စစ်ကောင်စီက ကာကွယ်ပေးနေ
■ ကိုးကန့်တွင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ရသော တရုတ် ၁၀ ဦး ထွက်ပြေးမှုကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ပစ်သတ်မှု ပြည်တွင်းပြည်ပ ထိတ်လန့်
ရန်ကုန်၊ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ အွန်လိုင်းငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးခြင်းဖြင့် အရှေ့တောင်အာရှတွင် အကြီးဆုံးသော အွန်လိုင်းငွေလိမ်လည်သည့်အဖွဲ့ကို စစ်ကောင်စီက ကာကွယ်ပေးနေကြောင်း MNDAA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။
MNDAA စစ်ဦးစီးချုပ်က မြန်မာပြည်သူများထံသို့ ပေးပို့သော ၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် စစ်တပ်က ကိုးကန့်ဒေသကို သိမ်းယူပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် ပယ်ဆောက်ချိန်ကို ယာယီအုပ်ချုပ်ရေးဥက္ကဌအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ (၁၄)နှစ်တာအချိန်ကာလအတွင်း ပယ်ဆောက်ချိန်နှင့် စစ်အုပ်စုတို့က ကိုယ့်အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှု မှုခင်းလုပ်ငန်းများ ကြီးကြီးမားမား လုပ်ဆောင်လာခဲ့ပြီး မူလက “ရှမ်းပြည်ရတနာမြေ” ဟုအမည်ရှိခဲ့သော ကိုးကန့်ဒေသကို သောဆိုင်းဘာမှုခင်းနယ်မြေနှင့် ရှမ်းမြောက်၏အနာရောဂါ ဟု အမည်ပျက်ဆီး စေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ဆိုက်ဘာမှုခင်းရောက်ရှိလာတာ ၆ နှစ်၊ ၇ နှစ်တာအတွင်း၌ တရုတ်လူမျိုးမြောက်များစွာလိမ်လည်ခံရခြင်း ၊ ကုမ္ပဏီမြောက်များစွာပြုတ်ထွက်သွားခြင်း ၊ မြောက်များစွာသော မိသားစုဝင်တွေပျက်ကွဲသွားခြင်းနှင့် မြောက်များသော လူငယ်များ၎င်းကြောင့်စိတ်ဓာတ်ကျဆင်းသွားခြင်းများဖြစ်ခဲ့ရပါသည်။ ဆိုက်ဘာမှုခင်းလုပ်ငန်းများ ဆက်လက် လုပ် ဆောင်စေပါက ပြည်သူတွေ၏အမြင်သဘောထားကိုပြောင်းလဲစေနိုင်ပြီး လူမှုစည်းကမ်းကို ပျက်စီးစေနိုင် သည့်အပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားအသီးသီးတို့၏အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်စေနိုင်ပါသည်။ ထို့ကြောင့် ဆိုက်ဘာမှုခင်း၏အန္တရာယ်သည် မူးယစ်ဆေးဝါးသဖွယ်ပြင်းထန်လှပါသည်” ဟု MNDAA စစ်ဦးစီးချုပ်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် MNDAA တပ်များ ကိုးကန့်ဒေသပတ်လည်သို့ ရောက်ရှိချိန်လာတွင် အွန်လိုင်း ငွေလိမ်လည်သော မှုခင်းအဖွဲ့ ခေါင်းဆောင်များကို စစ်ရဟတ်ယာဉ်ဖြင့်လောက်ကိုင်ဒေသမှ အခြားနေရာ သို့ပို့ဆောင်ပြောင်းရွှေ့ပေးကြောင်း၊ ထို့ကြောင့် လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဆိုက်ဘာလိမ်လည်မှု မှုခင်းကုမ္ပဏီ ဖြစ်သည့် ရွှေက္ကိုလ်ကုမ္ပဏီ ကို အကာအကွယ်ပေးနေသော အကြီးဆုံးအင်အားစုကြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကိုးကန့်တွင် ဆိုက်ဘာလိမ်လည်မှုများ ကျူးလွန်နေသော “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)” က အဓိက ဦးဆောင်ပြီး အဖွဲ့တိုင်းသည် ဆိုင်းဘာမှုခင်းကုမ္ပဏီရှိကြောင်း၊ ကုမ္ပဏီတိုင်းတွင် ဆိုင်းဘာမှုခင်းတိုက်ရှိပြီး ဆိုင်းဘာမှု ခင်းအဖွဲ့ရာနှင့်ချီပြီးရှိကြောင်း၊ ၎င်းတို့သည် ကုမ္ပဏီစနစ်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး လိမ်လည်သောငွေကြေးပဏာမ ကြီးမားလွန်းလှသဖြင့် လူမှုအသိုင်းအဝိုင်းကိုပါပြင်းထန်စွာဒုက္ခရောက်စေကြောင်း၊ ကိုးကန့်လောက်ကိုင်ဒေသတွင်း “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)”လက်အောက်ရှိ အွန်လိုင်းလိမ်လည်သူ လူဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး လိမ်လည်ခြင်းဖြင့်ရရှိသောငွေကြေးသည် တစ်နှစ်လျှင်တရုတ်ငွေ သိန်းပေါင်း တစ်သိန်းကျော်ခန့် ရှိကြောင်း၊ စစ်ကောင်စီက “ရှိတာကြာကျူ(ကိုးကန့်ရုပ်သေးမိသားစုကြီးအဖွဲ့ ၄ ဖွဲ့)”ကို ပြည်သူ့စစ်ဖွဲ့စည်းခွင့် ပေးထားကာ ၎င်းတို့က လက်နက်ဖြင့်ဆိုင်ဘာမှုခင်းအကာအကွယ်ပေးခြင်းနှင့် အချုပ်ထောင်သကဲ့သို့အလုပ်ရှင်ကိုချုပ်နှောင်ထားခြင်း စသည့် ပြစ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ကြောင့် မြောက်များစွာသောတရုတ်လူမျိုးတို့မှာ ကိုးကန့်သို့ အလိမ်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း ၊ လူကုန်ကူးခံရခြင်းတို့ဖြင့် ရောက်ရှိလာပြီး အလုပ်များကိုအတင်းအဓ္ဓမစေခိုင်းခဲ့ကြကြောင်း၊ ထို့ပြင် ပေးထားသောအလုပ်များကို အချိန်မိမပြီးစီးနိုင်ပါက ရက်စက်စွာရိုက်နှက်ခံရခြင်း ၊ လူသေဆုံးသွားသည့် အထိ နှိပ်စက်ခြင်းများကို ခံရကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးOperation ကြီးမစတင်ခင် ၇ ရက်ခန့်အချိန် ကိုးကန့်နယ်မြေတွင် ပြည်တွင်း ပြည်ပထိတ်လန့်စေသော “၁၀၂၀ ဝေါ့ဟူရှမ်းကျွမ်းအရေးအခင်း”ဖြစ်ပွားလာကြောင်း၊ ဆိုက်ဘာလိမ်လည်မှု မှုခင်းလုပ်ဆောင် သောတရုတ်လူမျိုး ၁၀ ဦးကျော် ထွက်ပြေးသဖြင့် ပြည်သူ့စစ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
MNDAA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးOperation ကြီးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း အကြီးအသေး နှင့် အရေးကြီးစစ်ဆေးရေးဂိတ်များစုစုပေါင်း (၂၅၀)ကျော်ကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ စစ်ကူအဖွဲ့များကိုလည်း အကြိမ်ကြိမ်တားမြစ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာသိမ်းဆည်းရရှိခဲ့ကာ စစ်သုံ့ပန်းများလည်း ထောင်နဲ့ချီဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် နယ်စပ်ဂိတ် ၅ ခုသိမ်းပိုက်နိုင်ခဲ့ပြီး ဆိုက်ဘာမှုခင်း လုပ်ဆောင်သောနေရာ ၃၀၀ ကျော် ကိုဖြိုခွဲနိုင်ခဲ့ကြောင်း၊ ဆိုက်ဘာမှုခင်းလုပ်ငန်းရှင်ထောင်နှင့်ချီဖမ်းဆီးရမိပြီး တရုတ်နိုင်ငံ ထံသို့ လွှဲအပ်ပေးနိုင်ခဲ့ကြောင်း၊ ကြားကာလတွင် ဆိုက်ဘာမှုခင်းလုပ်ငန်းနှင့်ပတ်သက်သော တရုတ်လူမျိုးဦးရေ လေး သောင်းကျော်ကိုလည်း တရုတ်ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ပြစ်မှုများဝန်ခံစေခဲ့ကြကြောင်း ပြောဆိုသည်။
ဆိုက်ဘာ လိမ်လည်မှုများ ကျူးလွန်နေသာ “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး (၄)ဖွဲ့)” တို့၏ နောက်ကွယ်တွင် စစ်ကောင်စီက အကာအကွယ် ပေးနေသည်ကို သက်သေပြနေကြောင်း၊ ထို့ကြောင့် လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသောဆိုင်ဘာမှုခင်းကုမ္ပဏီ (ရွှေကုတ်ကူKKကုမ္ပဏီ) ကို အကာအကွယ်ပေးနေသော အကြီးဆုံးအင်အားစုကြီး ဖြစ်ကြောင်း ၊ ကိုးကန့်ဒေသ၏ဆိုင်ဘာမှုခင်းကိုအပြက်ရှင်းလင်းပြီး ပြည်သူလူထုများကိုကယ်ထုတ်ရန် “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီ ၄ ဖွဲ့)”နှင့်၎င်းနောက်ကွယ်ရှိအင်အားစုကြီးကိုအမြစ်ဖြတ်ရှင်းထုတ်ရမည်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသတွင် ဆိုက်ဘာမှုခင်းအမြစ်မပြတ်မချင်း ညီနောင်မဟာမိတ်တပ်ဖွဲ့၏စစ်ဆင်ရေး Operationကြီး လုံးဝရပ်ဆဲသွားမည် မဟုတ်ကြောင်း MNDAA စစ်ဦးစီးချုပ်က ကတိပြုထားသည်။
ဓာတ်ပုံ- တရုတ်က ဖမ်းဆီးထားသော ကျားဖြန့် လုပ်ကိုင်သူ ဖူလီလိုက်သူဌေး ကိုးကန့် ဦးမောင်မောင်ကို မင်းအောင်လှိုင်က နေပြည်တော်တွင် လူမှုရေးဘွဲ့ ပေးအပ်နေစဉ်။
