မင်းပြားနှင့် ရမ်းဗြဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များနှင့် ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံး
ရန်ကုန်| ဇန်နဝါရီ ၃
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် လေကြောင်းပစ်ခတ်မှုကြောင့် မင်းပြားမြို့နှင့် ရမ်းဗြဲမြို့ထဲက လူနေအိမ် အများအပြားနှင့် ဈေးဆိုင်ခန်းများအပါအဝင် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံးသွားကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီမှ စပြီး တိုက်ပွဲတစ်စုံတရာမဖြစ်ဘဲ မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၀ နှင့် ခမရ ၃၇၉ တပ်ရင်းတို့က လက်နက်ကြီးများ အကြိမ်ပေါင်း ၃၀ ထက်မနည်း ရခိုင်ပြည်၊ မင်းပြားမြို့ထဲသို့ ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ၃ လုံးမှာ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်သို့ထဲ ကျရောက်ပေါက်ခဲ့၍ အရပ်သားနေအိမ် ၃ လုံးနှင့် အခြေခံပညာမူလတန်းစာသင်ကျောင်းမှာ လုံးဝပြိုပျက်စီးသွားကြောင်း သိရသည်။
မင်းပြားဒေသခံတစ်ဦးက “မင်းပြားမြို့ထဲကို စစ်ကောင်စီတပ်ရင်းတွေက နေ့စဉ်လိုလို ပစ်ခတ်နေတာ။ သူတို့ တပ်ရင်းအနီးအနားက ဖြတ်သွားရင်လည်း သေနတ်နဲ့ လှမ်းပစ်ခတ်တာတွေ ရှိတယ်။ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေ မီးလောင်ဆုံးခဲ့ရတာတွေရှိတယ်။ မင်းပြားမှာ လူတွေ မရှိသလောက်ဖြစ်သွားပြီ။ အားလုံးလိုလိုက စစ်ဘေးရှောင်သွားကြပြီ” ဟု ပြောသည်။
ယင်းအပြင် ယမန်နေ့မှာပဲ မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်သော လက်နက်ကြီး ၁ လုံးမှာ မင်းပြားမြို့မဈေးအတွင်းသို့ ကျရောက်ပေါက်ပွဲမှုကြောင့် ဈေးဆိုင်ခန်းအချို့ ပြိုကျပျက်စီးခဲ့ရသည်။
ဆက်လက်ပြီး ရမ်းဗြဲမြို့သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ထဲရှိ အရပ်သားနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည်။
ရမ်းဗြဲဒေသခံတစ်ဦးက ” မနေ့က နေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာ။ ကိုယ်ရံတော်တော်စေတီ အနီးအနားကို ကျတာ။ တောင်အောက်မှာရှိတဲ့ လူနေအိမ်တွေ မီးလောင်သွားတာ။ ဘယ်လောက်လောင်သွားလဲ မသိရဘူး။ သွားကြည့်ဖို့က မလွယ်ဘူး။ ရမ်းဗြဲမှာက လူတွေအားလုံး နယ်ဘက်တွေကို စစ်ဘေးရှောင်သွားကြပြီ” ဟု ပြောသည်။
ကျောက်တော်မြို့နယ်တွင်လည်း ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဒရုန်းအသုံးပြု၍ Drop Bomb များ ၃ ကြိမ်ထက်မနည်း ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
မျောက်တောင်ကျေးရွာကို Drop Bomb များ ကျရောက်ခြင်းကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁ ရက်နေ့ တစ်ရက်တည်းတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နှင့် ပလက်ဝဒေသက အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးထက်မနည်း ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိသွားကြကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ – ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့အရပ်သားနေအိမ်များ မီးလောင်နေမှုနှင့် မင်းပြားမြို့ လက်နက်ကြီးကျ၍ ပျက်စီးနေစဉ်။ (ဓါတ်ပုံ – CJ)
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)