ဟိုပန်မြို့ထဲသို့ UWSA ၀ တပ်ဖွဲ့ များ ဝင်ရောက်လာမှု ညီနောင် ၃ ဖွဲ့နှင့် ၀ တပ်ဖွဲ့အကြား ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားပြီးဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ကို ယမန်နေ့ နံနက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSA ၀ တပ်ဖွဲ့များ ဝင်ရောက်လာကာ အလံ လွှင့်ထူ ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်းသည် ကြိုတင် ညှိနှိုင်းဆောင်ရွက်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီအချိန်မှစတင်၍ ညီနောင် မဟာမိတ် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်များက ဟိုပန်မြို့ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး ဟိုပန်မြို့မ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ဆေးရုံ အပါအဝင် တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အင်အား ရာပေါင်းများစွာ UWSA ၀တပ်ဖွဲ့များက စစ်ကားများတွင် အလံများလွှင့်တင်၍ ဟိုပန်မြို့ထဲသို့ ဝင်ရောက်လာကြောင်း၊ ထို့ပြင် ဟိုပန်မြို့လယ်ခေါင်၊ ဟိုပန်မြို့ရှိ ဌာနဆိုင်ရာရုံးများအားလုံးတွင် ၀ တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူပြီး ဟိုပန်မြို့တစ်ခုလုံးတွင်လည်း ၀ တပ်ဖွဲ့က တပ်စွဲလိုက်ကြောင်း၊ ထိုသို့ UWSA ၀ တပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် ၀ တပ်ဖွဲ့အကြား ကြိုတင် ညှိနှိုင်း သဘောတူညီချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကြိုတင်ညှိထားတာပါ။ ရုတ်တရက်ကြီး ၀ တပ်မတော်က ဝင်လာတာမဟုတ်ဘူး။ ဒီဘက်ကလည်း အားလုံး ပြင်ဆင်ပြီးမှ စောင့်နေခဲ့တာပါ။ နောက်တစ်ခါ ဟိုပန်က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာလည်းပါတယ်။ ၀ တပ်မတော်ရဲ့ ပိုင်နက် နယ်မြေလည်း ဖြစ်ပါတယ်” ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့မှ ရန်ကုန်ခေတ်သစ်၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ UWSA ၀ တပ်ဖွဲ့က ထိန်းချုပ်ထားသော ဟိုပန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်လာပါက တုံ့ပြန်မှုများ ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
” ဟိုပန်ကို ထိန်းချုပ်လိုက်တာက ၀ တပ်မတော်က ဖြစ်ပါတယ်။ အဲဒါကို စစ်ကောင်စီက ဗုံးလာကျဲရင်တော့ ထိပ်တိုက်တွေ့တာတွေ ရှိလာပါလိမ့်မယ်” ဟု ရန်ကုန်ခေတ်သစ်၏ ရှေ့တန်းသင်းရင်းမြစ်က ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution


