မြင်းခြံမြို့နယ်၊ တောပုရွာနှင့် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ တောပုကျေးရွာ စာသင်ကျောင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက 1KG ဗုံးသီး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဗုံးသီး ၂ လုံးလုံး စစ်သားများ နေထိုင်ရာ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေးဆုံးမှု ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force ၊ ယင်းမာပင်ခရိုင် တပ်ရင်း 3/4/5/6 အထူးချေမှုန်းရေးတပ်ဖွဲ့၊ ဧရာဝတီမင်းသားပျောက်ကျားတပ်ဖွဲ့၊ ပြည်သူ့အင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံ ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Armed Revolutionary Force-KU အဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းဒေါင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များတွင် ယာယီအထိုင်ချနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
