27 C
Yangon

မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကြီးက မေ့လျော့နေဟု သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ပြော

Must read

ရန်ကုန်၊ မေ ၃၁

ကမ္ဘာကြီးက မြန်မာစစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို မေ့လျော့နေကြပုံရကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က EL PAÍS သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိသည်ဆိုသည်နှင့်ပတ် သက်၍ ခိုင်လုံသော သတင်းအချက်အလက်များ မရရှိဘဲ ပျောက်ဆုံးနေသည့် အခြေအနေကို ပြစ်တင်ရှုတ်ချလိုက်သည်။

ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာစစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် ၂၇ နှစ်အနက်မှ အချို့ကို လျှော့ပေါ့ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းနောက် သူမအား ကျန်ရှိသော ပြစ်ဒဏ်ကာလများကို နေအိမ်ချုပ်ဖြင့် ကျခံစေရန် ပြောင်းရွှေ့လိုက်ပြီဟု စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

မိခင်ဖြစ်သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ယနေ့အထိ မသိရသေးဘဲ စစ်တပ်အနေဖြင့် မိခင်ဖြစ်သူ သက်ရှိ ထင်ရှားရှိကြောင်း သက်သေပြရန် ကိုထိန်းလင်းက တောင်းဆိုထားသည်။

“သူမကို ပြောင်းရွှေ့လိုက်ပြီဆိုတာ သေချာစေမယ့် ခိုင်လုံတဲ့ သတင်းအချက်အလက်မျိုး ကျွန်တော် ဘာမှမရသေးပါဘူး။ ဒီလိုဇာတ်လမ်းမျိုးကို ကျွန်တော် အကြိမ်ကြိမ် ကြားဖူးနေပါပြီ” ဟု ၎င်းက ဆိုသည်။

ဇွန်လတွင် အသက် ၈၁ နှစ် ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ စစ်တပ်က ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းကို မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

သူမသည် အဂတိလိုက်စားမှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု အပါအဝင် စွပ်စွဲချက်များစွာဖြင့် ကနဦးတွင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး၊ တရားမျှတမှု မရှိသည့် တံခါးပိတ်တရားခွင်များအပေါ် ကုလသမဂ္ဂက ဝေဖန်ရှုတ်ချထားသည်။ ၂၀၂၃ ခုနှစ်တွင် လွတ်ငြိမ်းသက်သာခွင့် အချို့ရရှိခဲ့သဖြင့် ပြစ်ဒဏ် ၂၇ နှစ် သို့ လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။

ကင်မ်အဲရစ်အနေဖြင့် မိခင်ဖြစ်သူနှင့် နောက်ဆုံး တိုက်ရိုက်အဆက်အသွယ်ရခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က စာတစ်စောင် ပြန်လည်ရရှိခဲ့စဉ်က ဖြစ်ပြီး၊ ထိုနောက်ပိုင်း ပေးပို့သော စာများကို ပြန်လည်အကြောင်းပြန်ခြင်း မရှိတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “နိုင်ငံရေးအရ အပေးအယူလုပ်မည့် ဖဲချပ်” (Bargaining chip) တစ်ခု အဖြစ် နိုင်ငံတကာက ယူဆကြသည်။

“သူက တရားဝင်မှု ရဖို့ ကြိုးစားနေတာပါ။ ဘယ်သူကမှ သူ့ကို တရားဝင်မှု မပေးကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ကိုထိန်လင်းက ဆိုသည်။

စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရှင်လျက် ထားရှိရန် လိုအပ်သော်လည်း ကောင်းမွန်စွာ စောင့်ရှောက်ထားလိမ့်မည်ဟု မထင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စစ်အစိုးရက ယခုကဲ့သို့ လျှို့ဝှက်ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြောက်ရွံ့နေဆဲ ဖြစ်ခြင်းကြောင့်ဖြစ်ပြီး၊ ပြည်သူများကလည်း စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နေ့စဉ်နှင့်အမျှ တိုက်ပွဲဝင်နေကြသည်ဟု ၎င်းက ဆိုသည်။

ကင်မ်အဲရစ်သည် ငယ်စဉ်က ရန်ကုန်မြို့ရှိ နေအိမ်တွင် မိခင်နှင့်အတူ ဖြတ်သန်းခဲ့ရသည့် အမှတ်တရများကို လွမ်းဆွတ်စွာ ပြောပြခဲ့ပြီး “ကျွန်တော့်အတွက်တော့ သူမက သာမန်မိခင်တစ်ယောက်လိုပါပဲ။ ကျောင်းစာတွေ သေချာလုပ်ဖို့ ဂရုစိုက်တယ်၊ ဟင်းလည်း အရမ်းကောင်းကောင်းချက်တတ်တယ်။ ကျွန်တော့်ကို ဟင်းချက်သင်ပေးခဲ့တာလည်း သူမပါပဲ” ဟု သူက ပြောပြသည်။

“ကျွန်တော်မှ မိခင်ဖြစ်သူကို မကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ။ ဒါကို နိုင်ငံရေးလှုပ်ရှားမှုလို့ ကျွန်တော် မယူဆပါဘူး။ သူမကို လွတ်မြောက်စေချင်ရုံတင်ပါ။ သူမ အသက် ၈၀ ရှိပါပြီ… ဒါပေမယ့် ကမ္ဘာကြီးကတော့ သူမကို မေ့သွားကြပြီ ထင်တယ်” ဟု ၎င်းက ရင်ဖွင့်သည်။

ရိုဟင်ဂျာ ဒုက္ခသည်အရေးအခင်းနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာပုံရိပ် ကျဆင်းသွားခြင်းက အနောက်နိုင်ငံများအနေဖြင့် သူမကို အလျင်အမြန် စွန့်ခွာသွားစေရန် အကြောင်းဖန်လာခဲ့သည်ဟု ၎င်းက ယူဆသည်။

၂၀၁၉ ခုနှစ်တွင် သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံကိုယ်စား သွားရောက်ရင်ဆိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အဲရစ်က – ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တပ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိသည့် ကြားဖြတ်ဒီမိုကရေစီ ကာလဖြစ်ပြီး နိုင်ငံ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ခြင်းသာဖြစ်ကြောင်း၊ စစ်တပ်က သူမ၏ ပုံရိပ်ကို ဖျက်ဆီးကာ နိုင်ငံရေးအရ အမြတ်ထုတ်သွားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကြောင့် လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ် လည်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု စသည့် ရာဇဝတ်မှုများ မြင့်တက်လာနေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက သတိမပြုမိကြသေးကြောင်း ၎င်းက သတိပေးသည်။

၎င်းအနေဖြင့် ဥရောပအစိုးရအချို့အပြင် အမေရိကန် ထရမ့်အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ရှိနေပြီး ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးအတွက် လက်တွေ့ကျသည့် ခြေလှမ်းများ လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

အထူးသဖြင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ပြတ်သားသည့် ပြောဆိုချက်များကို ၎င်းက ချီးကျူးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့်လည်း မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ဖိအားပေးမှုများ ရှိနေသည်ဟု ၎င်းက ယုံကြည်နေသည်။

“ကျွန်တော့်မိခင်ရဲ့ အဓိကအတွေးအခေါ်က ငြိမ်းချမ်းရေးပါပဲ။ သူမဟာ အကြမ်းဖက်မှုတွေမပါဘဲ ဒီမိုကရေစီစနစ် စတင်ထွန်းကားလာမယ့် အခြေအနေတစ်ခုအထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ ပြည်သူတွေ အချင်းချင်း ပြန်လည်စကားပြောဆွေးနွေးနိုင်ကြဖို့နဲ့ အဲဒီလို ဆွေးနွေးနိုင်အောင်လည်း ကျွန်တော့်မိခင်က ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article