တန့်ဆည်မြို့ပေါ်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ရွှေဘို ၊ ကျောက်မြောင်းမြို့မှ ခမရ ၁၂ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းများကို တာဝေးပစ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း တန့်ဆည် PDFထံမှ သိရှိရသည်။
စစ်ကောင်စီတပ်ရင်း ခလရ-၃၁၆ တပ်စွဲထားသည့် တန့်ဆည်မြို့မ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ဇန်နဝါရီလ ၁၀ရက် ည၆နာရီ ၂၉မိနစ်တွင် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း၇ လက်နက်ကြီးတပ်ဖွဲ့က ရှော့တိုက်ဒုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
“တန့်ဆည်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျနော်တို့ မကြာ ခဏ တိုက်ခိုက်နေပါတယ်။ ဟိုနေ့ကပဲ Fixed Wings နဲ့ ဗုံးသီး ၂ကြိမ်ကြဲတယ်၊ အလင်းဝင်ဖို့ နှိုးဆော်စာတွေ ကျဲတယ်။ ဒီနေ့လည်း ရှော့တိုက်ဒုန်း ၃လုံးနဲ့ ပစ်တာ။ ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ရှေ့တန်းရဲဘော်က ပြောသည်။
အဆိုပါ ရှော့တိုက်ဒုန်းများသည် အဆင့်မြှင့်တင်ထားသဖြင့် ရန်သူ့ပစ်မှတ်ကို ၂မိုင်အကွာအဝေးမှ ချိန်ရွယ်ပစ်ခတ်နိုင်ကြောင်း၊ ပြည်သူ့ရဲဘော်များ အန္တရာယ် ကင်းစွာ တိုက်ခိုက်နိုင်သောကြောင့် ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ရွှေဘိုခရိုင် တပ်ရင်း၇၏ NUG pay account ဖြစ်သည့် P12907.mod*nugpay.app သို့ ပေးပို့ လှူဒါန်းနိုင်ပါကြောင်း ရွှေဘိုခရိုင် တပ်ရင်း၇ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ-၁၂မှ စစ်ကြောင်းထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးကျဲချပြီး ၃ ကြိမ် တ်ိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦး ဒဏ်ရာပြင်းထန် စွာရရှိခဲ့ကြောင်း တန့်ဆည်PDF ထံမှ သိရှိရသည်။
ဇန်နဝါရီလ ၇ရက် နံနက် ၇နာရီ ၃၀မိနစ်တွင် ခမရ-၁၂ စစ်ကောင်စီတပ် စစ်ကြောင်းမှ ရှေ့ပြေးကင်းအဖြစ် ထွက်ခွာလာသော စစ်သား ၅ယောက်ကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ၃လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
“စစ်ကြောင်းထိုးတဲ့ အင်အား ၃၀ကျော်ထဲကမှ ၅ယောက်က ရှေ့ပြေးအဖြစ် ကင်းတက်လာတာ။ ကျနော်တို့က ဒရုန်းနဲ့ ဗုံးချတော့ နောက်က စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုတာ။ ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိပါဘူး” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် ရဲဘော်က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Black WOLF -Army၊ Who am I -Army၊ Forest Fighter -Army တို့နှင့်အတူ တန့်ဆည်PDF – Taze People’s Defense Forceက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။