32 C
Yangon

၁၀၂၇ စစ်ဆင်ရေး သို့မဟုတ် ကျားဖြန့်တွေဆီက ဆက်ကြေးကောက်တဲ့ မင်းအောင်လှိုင် စစ်တပ်ရဲ့ကျဆုံးခန်း

Must read

၁၀၂၇ စစ်ဆင်ရေး သို့မဟုတ် ကျားဖြန့်တွေဆီက ဆက်ကြေးကောက်တဲ့ မင်းအောင်လှိုင် စစ်တပ်ရဲ့ကျဆုံးခန်း

By လမ်းသစ်

“ခေတ်သစ်ကျွန်ပြုမှုနဲ့အတူ ကမ္ဘာပေါ်က လူများစွာရဲ့ သန်းပေါင်းများစွာသော ငွေကြေးတွေကို လိမ်လည်နေတဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ စစ်ရာဇဝတ်မှုတွေ အသောမသတ် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ လည်ပတ်နေတယ်ဆိုတဲ့ အချက်ဟာ တုန်လှုပ်စရာ ကောင်းလှပါတယ်”

=================

ကျားဖြန့်လို့ အများခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်တာကြောင့် နိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ်နေသလို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။

မြန်မာစစ်တပ်ဟာ ရာဇဝတ်ဂိုဏ်းသာသာပဲ ဖြစ်တယ်ဆိုတာ တစ်နေ့တစ်ခြား ပိုမိုသိမြင်လာရပါတယ်။

ကိုးကန့်ဒေသမှာ တရုတ်က အလိုရှိနေတဲ့ ကျားဖြန့်ကိစ္စ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁ဝ ယောက်ထဲမှာ စစ်ကောင်စီကို သစ္စာခံတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ပါနေပါတယ်။ ကျားဖြန့် လုပ်ငန်းတွေကြောင့် ဒေသတွင်းလူကုန်ကူးမှုများ စံချိန်တင် မြင့်တက်လာမှုများ အပါအဝင် တရုတ်လူမျိုးများစွာ အလိမ်ခံရတယ်၊ ကုမ္ပဏီများစွာ ပြုတ်သွားတယ်၊ မိသားစုတွေ ပြိုကွဲခဲ့ကြရပါတယ်။

ကိုးကန့်မှာ အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)” က ဦးဆောင်လို့ ကျားဖြန့်ကုမ္ပဏီတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။

ဒီလုပ်ငန်းတွေကို လူအင်အား တစ်သိန်းကျော်နဲ့ လုပ်ဆောင်နေကြပြီး တစ်နှစ်ကို တရုတ်ငွေ သိန်းပေါင်း တစ်သိန်းကျော်လောက် ရနေတာပါ။ ဒီမိသားစု ၄ခုကို စစ်ကောင်စီက ပြည်သူ့စစ် ဖွဲ့စည်းခွင့်ပြုပြီး အကာအကွယ် ပေးနေပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေဆီကို တရုတ်လူမျိုးများစွာ ပြန်ပေးဆွဲခံရ၊ လူကုန်ကူးခံရပြီး ရောက်လာခဲ့ကြပါတယ်။ ဒီလူတွေဟာ ညှင်းပန်းနှိပ်စက်ခံရပြီး ၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင် ၇ရက်အလို ကိုးကန့်နယ်မြေထဲမှာ “၁ဝ၂ဝ ဝေါ့ဟူရှမ်းကျွမ်းအရေးအခင်း” ဖြစ်ခဲ့ပါတယ်။

ငွေလိမ်ဂိုဏ်းကနေ ထွက်ပြေးတဲ့ တရုတ်နိုင်ငံသား ၁ဝ ယောက်ကျော်ကို ပြည်သူ့စစ်တွေက ပစ်သတ်ခဲ့တာပါ။

တရုတ်ဘက်က တွက်ချက်မှုတွေအရ ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ ၃ဝ ရာခိုင်နှုန်း ဝင်ငွေတွေဟာ စစ်ကောင်စီထံ စီးဆင်းနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို စိတ်ပျက်လာတဲ့ တရုတ်အစိုးရက ဒီပြဿနာကြီးကို ဖြေရှင်းဖို့အတွက် ညီနောင် ၃ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို မီးစိမ်းပြလိုက်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒီစစ်ဆင်ရေးကြောင့် တိုက်ပွဲတွေဟာ ကိုးကန့်ဒေသထဲကို ဦးတည်သွားခဲ့ပါတယ်။ တိုက်ပွဲများ အပြင်အထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ကျဆုံးခန်းနဲ့အတူ အဲ့ဒီဒေသကလူတွေ အများအပြား ပြောင်းရွှေ့ကြရချိန်မှာ ကျားဖြန့်ဂိုဏ်းတွေလည်း ပါသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ နယ်ခြားစောင့်တပ်ဖွဲ့တွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေး အပေါ် ထိခိုက်မှုတွေရှိခဲ့သလို မြန်မာနဲ့ဆက်သွယ်ထားတဲ့ ပိုက်လိုင်းအပေါ် စိုးရိမ်ရမှုတွေ ရှိပေမယ့် တရုတ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်း နှိမ်နင်းရေးဆိုတဲ့ ကိစ္စကတော့ ကြီးကြီးမားမား အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲဖို့၊ ခေါင်းဆောင်တွေကို ဖမ်းမိဖို့ဆိုတဲ့ ကိစ္စတစ်ခုလုံးအနေနဲ့တော့ တရုတ် မျှော်မှန်းထားတဲ့ အခြေအနေကို ရောက်မလာသေးပါဘူး။

ကိုးကန့်တပ် MNDAA အနေနဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျားဖြန့်ရာဇဝတ်ဂိုဏ်းသား ထောင်နဲ့ချီပြီး တရုတ်ထံ လွှဲပြောင်းနိုင်ခဲ့ပေမယ့် အဓိက ခေါင်းဆောင်တွေ လွတ်နေတာဟာ စစ်ကောင်စီက အကာအကွယ် ပေးနေတာကြောင့် ဖြစ်တယ်လို့ MNDAA က ပြောပါတယ်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို စစ်တပ်က လောက်ကိုင်မြို့ကနေ ရဟတ်ယာဉ်နဲ့ လာကယ်သွားတယ်လို့လည်း MNDAA စစ်ဦးစီးချုပ် ဖုန်တရွှင်က ပြောခဲ့ပါတယ်။

ငွေလိမ်ဂိုဏ်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့တဲ့အချိန်မှာ အဲ့ဒီလူတွေက မြန်မာမှတ်ပုံတင်တွေ ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။ ဒါကလည်း စစ်ကောင်စီရဲ့ ဌာနပေါင်းစုံကနေ ပါဝင်ပတ်သက်နေမှုကို ပြသနေပါတယ်။

တရုတ်က မြန်မာပြည်တွင်းက ကျားဖြန့်လုပ်သားတွေကို ဖမ်းဆီးပေးဖို့အပြင် အဲ့ဒီလူတွေ မြန်မာဘဏ်တွေမှာ အပ်နှံထားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်လည်လွှဲပြောင်းပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ ဒေသတွင်းသတင်းများကဆိုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွင်း လူမှုကွန်ရက်တွေမှာလည်း မင်းအောင်လှိုင်ကို ကျားဖြန့်ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေရဲ့ အဓိကခေါင်းဆောင်အဖြစ် စွပ်စွဲရေးသားမှုတွေ ရှိနေခဲ့ပါတယ်။

ထပ်မံသိရှိရတဲ့သတင်းတွေအရ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ တန့်ယန်းမြို့တွေမှာ ဒေသခံစစ်ဘက်နဲ့ ရဲတွေကို လိုင်းကြေးပေးပြီး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် မြဝတီဘက်ကို ပြောင်းရွှေ့လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်း-မြန်မာ နယ်စပ်အနီးက ဒီငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းပေးဖို့ ထိုင်းဘက်ကလည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် အခြေပျက်သွားတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ နေရာရွှေ့ပြောင်းလာမှုနဲ့အတူ ပုံစံပြောင်းပြီး၊ တရုတ်နိုင်ငံသားတွေထက် တခြားနိုင်ငံသားတွေကို ပစ်မှတ်ထားလာဖွယ်ရာ ရှိနေပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်ဘက်မှာ ဝင်ငွေလျော့နည်းသွားတဲ့ စစ်ကောင်စီဟာ ထိုင်းနယ်စပ်က ငွေလိမ်ဂိုဏ်းတွေနဲ့ နယ်ခြားစောင့်တပ်တွေကို ပိုပြီး ထောက်ပံ့ကာကွယ်ပေးမှုတွေ လုပ်လာနိုင်ပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့ကတော့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်များအပါအဝင် ဒေသတွင်းခေါင်းဆောင်များနဲ့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

အချုပ်အားဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ကျားဖြန့်နိုမ်နင်းရေး စစ်ဆင်ရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေး ခေါင်းစဥ်တဖြစ်လဲအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ ဒါဟာ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်း နှိမ်နင်း‌ရေးလုပ်ငန်းစဥ် ဖြစ်တာကြောင့် တရုတ်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံများကပါ လက်သင့်ခံတဲ့ စစ်ဆင်ရေးလို့ ပြောမယ်ဆိုလည်း မများပါဘူး။

စစ်အာဏာရှင် ဖြုတ်ချရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံတကာကပါ လက်သင့်ခံတဲ့ ဒီလိုငွေလိမ်ဒုစရိုက်ဂိုဏ်း ရှင်းလင်းရေးကိစ္စမျိုးကို စစ်အာဏာရှင်ဖြုတ်ချ‌ရေး မိမိတို့ရဲ့ ပင်မရည်မှန်းချက်နဲ့အတူ ဂရုတစိုက် တွန်းတွန်းတိုက်တိုက် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေပါတယ်။

တကယ်လည်း ခေတ်သစ်ကျွန်ပြုမှုနဲ့အတူ ကမ္ဘာပေါ်က လူများစွာရဲ့ သန်းပေါင်းများစွာသော ငွေကြေးတွေကို လိမ်လည်နေတဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ စစ်ရာဇဝတ်မှုတွေ အသောမသတ် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ လည်ပတ်နေတယ်ဆိုတဲ့ အချက်ဟာ တုန်လှုပ်စရာ ကောင်းလှပါတယ်။

ကျားဖြန့်ဂိုဏ်းတွေရော၊ အာဏာသိမ်းစစ်တပ်ရော လူ့အသိုက်အဝန်းအတွက် အဆိပ်အတောက်ဖြစ်တာမို့ မရှိအပ်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article