ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ခင်ဦးမြို့မှ အင်အား ၉၃ ဦးဖြင့် ထွက်ခွာလာသော ခမရ ၁၁ / ၇၀၈ တပ်သားများနှင့် ပျူစောထီး စစ်ကြောင်းကို အင်တိုင်းကြီး ကျေးရွာ အရှေ့ဘက်အရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲ ၁ နာရီ ၇ မိနစ်မှ ၂ နာရီ မိနစ် ၂၀ အထိ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အနောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ရွှေဘိုခရိုင် တပ်ရင်း ၃ က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး ပြီး ၁၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့၌ အခြေပြုပြီး ခင်ဦးမြို့နယ်အတွင်း လှည့်လည် ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားဖြစ်ကြောင်း NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။