မြိုင်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြောင်မြို့မရဲစခန်းနှင့် ရေစကြိုမြို့နယ်ရှိ တပ်စခန်းကို ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၁
မကွေးတိုင်း၊ မြိုင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံး၊ အမှတ် ၂ ကျောင်း၊ စန်းရိပ်မြိုင်၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံး၊ အမှတ် ၂ ကျောင်း၊ စန်းရိပ်မြိုင်၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ စုဝေးတဲ့ နေရာတွေကို တိတိကျကျ ကြဲချနိုင်ခဲ့ပြီး ထွေအုပ်ရုံးက စစ်ခွေးတွေ အသုံးပြုနေတဲ့ ရေကန်နဲ့ ရေပိုက်လိုင်းတွေလည်း ပျက်စီးသွားတယ်။ အမှတ် ၂ ကျောင်း ခေါင်မိုး ဖောက်ထွက် ပေါက်ကွဲခဲ့ပြီး စစ်ခွေးတွေ ထိခိုက် သေဆုံးမှု များနိုင်ပါတယ်။ မြိုင်မြို့ပေါ်က ထိခိုက်မှုရှိတာ သေချာပေမယ့် အတိအကျ သိနိုင်ဖို့ ခက်ခဲနေတယ် ” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း 27 Revolution Forces၊ Urabn Underground Revolution Force၊ ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 အထူးချေမှုန်းရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ မြို့မရဲခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မြောင်မြို့မရဲစခန်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ သင်တန်းပေးနေကြောင်း သတင်းရရှိသဖြင့် “Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wing Droneများဖြင့် Air BOMB ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဘာသင်တန်းလဲတော့ မသိဘူး၊ ဒီအတိုင်းပဲ သင်တန်းပေးနေတယ်လို့ ကြားမိတာ၊ မွန်းမံသင်တန်း ပေးနေတာထင်တယ်၊ ပထမ နှစ်လုံးချတော့ အော်ပြေးကြတာ ကြားရတယ်၊ သူတို့နေတဲ့ နေရာကို တည့်ကျတာ၊ အထိအခိုက်ကတော့ စုံစမ်းလို့မရသေးဘူး၊ ထိခိုက်သေဆုံးရင် အခုနောက်ပိုင်းစုံစမ်းရ ခက်တယ်၊ အရင်လို မသိရတော့ဘူး” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF မှ သတင်းနှင့်ပြန် ကြား ရေးတာဝန်ခံ လွင်ဂူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း-မြေလတ်PDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ် ရင်း၊ CHAUK PDF နှင့် မြောင်မြို့မတပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီခန့်မှ ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ ရေစကြို မြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာစခန်းကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ ညီနောင် မဟာမိတ်တပ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။