28 C
Yangon

အေးဓားပြတိုက်ခြင်း သို့မဟုတ် ပြည်ပရောက် မြန်မာပြည်များ၏ ချွေးနှဲစာကို အဓမ္မ လုယူခြင်း

Must read

အေးဓားပြတိုက်ခြင်း သို့မဟုတ် ပြည်ပရောက် မြန်မာပြည်များ၏ ချွေးနှဲစာကို အဓမ္မ လုယူခြင်း

By မောင်း

နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ ယုံကြည်ကိုးစားရတဲ့ အစိုးရတစ်ရပ် အုပ်ချုပ်နေတယ်ဆိုရင် ပြည်သူတွေ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေဟာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး ကဏ္ဍတွေဆီကို ရောက်ရှိသွားမှာပါ။

လက်ရှိ မြန်မာနိုင်ငံလိုမျိုး စစ်အာဏာရှင်တွေ ဂုတ်သွေးစုပ်နေချိန်မှာတော့ ပြည်သူ့အခွန်ငွေတွေဟာ ပြည်သူကို ပြန်သတ်ဖို့ စစ်လက်နက်တွေ ဖြစ်လာပါတယ်။

တော်လှန်ရေးစစ်မီး တောက်လောင်နေတဲ့ မြန်မာပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး အကြပ်အတည်းတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သူတွေ အများအပြားရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရမ်းကားဖမ်းဆီးမှုကြောင့် ပြည်ပကို တိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေရောက် မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။ အခွန်ကောက်ယူမှုကို ၂ဝ၂၃ အောက်တိုဘာလကနေ စပြီး သတ်မှတ်မယ်လို့ ပြောထားခဲ့တာပါ။

ဒီလို ပြည်ပရောက်နိုင်ငံသားတွေဆီက ချွေးနဲစာကို ဓားပြတိုက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လက်တံဟာ တဖြည်းဖြည်း ရှည်လာပါပြီ။

ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုပါ ဝင်ငွေခွန်ကောက်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဆိုလာပြန်ပါတယ်။

ပြည်ပရောက် နိုင်ငံသားတွေ ဝင်ငွေခွန်မဆောင်ရင် အခက်တွေ့စေမယ့် အစီအမံတွေကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အခွန်ဆောင်မှ Passport သက်တမ်းတိုးတာတွေ၊ အသစ်လျှောက်တာတွေ လုပ်နိုင်မယ်၊ သံရုံးတွေကလည်း အခွန်ဆောင်မှ သက်သေခံလက်မှတ်မျိုးတွေ လုပ်ပေးမယ်လို့ ပြောထားပါတယ်။

သက်ဆိုင်ရာနိုင်ငံနဲ့ နားလည်မှုစာချုပ် MoU ထိုးထားတဲ့ အလုပ်သမားတွေ အခွန်မဆောင်ဘူးဆိုရင် စာချုပ်သက်တမ်းတိုးဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ တရားဝင်မြန်မာလုပ်သား ၅သိန်းနီးပါးရှိပြီး တရားမဝင် မြန်မာလုပ်သား ၃သိန်းကနေ ၅သိန်းဝန်းကျင်လောက် ရှိနေပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် တရားဝင် မြန်မာလုပ်သား ၁.၇ သန်းကျော်ရှိပြီး အဲ့ဒီထဲက ၃ သိန်းကျော်လောက်က MoU နဲ့ လုပ်ကိုင်နေကြတာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား အရေအတွက်ဟာ ၉သိန်းနီးပါး ရှိပါတယ်။

ထိုင်းကို တရားမဝင်နည်းနဲ့ရောက်လာတဲ့ မြန်မာတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကို စစ်ကောင်စီက ထုတ်ပေးမှာ ဖြစ်ပေမယ့် အခွန်ဆောင်ပြီးကြောင်း ပြနိုင်ရမယ်လို့ ထိန်းချုပ်ထားပြန်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လွှဲစာ၊ ထောက်ခံစာနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်တဲ့အခါမျိုးမှာလည်း အခွန်ဆောင်ထားကြောင်း ပြသရမှာပါ။

အရင်အစိုးရတွေလက်ထက်မှာ CI အတွက် မြန်မာဘက်ကို အခွန်မဆောင်ရပေမယ့် စစ်ကောင်စီကတော့ တစ်လကို အခွန်ငွေ ဘတ် ၁၅ဝ ထည့်သွင်းကောက်ခံမယ်လို့ ပြောထားပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေဟာ စစ်ကောင်စီက ဝင်ငွေခွန်ကောက်မယ်လို့ ပြောပြောချင်းပဲ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ရောက်နေတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုရော စစ်ကောင်စီကိုပါ အခွန်ဆောင်ရမယ်ဆိုရင် နှစ်ထပ်ကွမ်း အခွန်ပေးဆောင်ရတော့မှာပါ။

၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အခွန်နှစ်ထပ် မကျစေရေးအတွက် ဗြိတိန်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူ၊ မလေးရှားနိုင်ငံတွေနဲ့ စာချုပ်ချုပ်ပြီး မြန်မာဘက်က အခွန်ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေကြောင့် နိုင်ငံခြားငွေ အသည်းအသန်လိုအပ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ အောက်တိုဘာ ၁ရက်ကစလို့ အခွန်ကောက်ဥပဒေကို ပြန်လည်ပြင်ဆင်ပြီးနောက် အခွန်ကင်းလွတ်ခွင့်ဥပဒေ ပျက်ပြယ်သွားပြီလို့ ကြေညာခဲ့ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံတွေထဲက တစ်ခုဖြစ်တဲ့ ၁၂ နှစ်နီးပါးကြာပြီဖြစ်တဲ့ အခွန်ကင်းလွတ်ခွင့် ပေးထားမှုကို မင်းအောင်လှိုင်လက်ထက်မှာ ဖျက်သိမ်းပစ်လိုက်တာပါ။

ဝင်ငွေခွန်ကောက်ခံဖို့ မထုတ်ပြန်ခင်ကတည်းက ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်ကတစ်ဆင့် မြန်မာပြည်တွင်းကို ပြန်လွှဲရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာထားခဲ့ပါသေးတယ်။

ဝင်ငွေခွန်ဆောင်မယ်ဆိုရင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကား ဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်မယ်၊ ငွေဖြူ အထောက်အထားပြနိုင်မယ်လို့ စစ်ကောင်စီက ဆွယ်ထားပေမယ့်၊ ဝင်ငွေခွန်တွေ စစ်အုပ်စုထံ မရောက်ခြင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ဖြစ်စေတယ်ဆိုတဲ့ အချက်ဟာ ပိုအရေးကြီးတာ မဟုတ်ပါလား။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အခွန်ငွေရရှိမှု အကြီးအကျယ် ကျဆင်းလာခဲ့ပါတယ်။ အရပ်သားအစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် ၃၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

ပြည်သူ မကြည်ဖြူတဲ့နေရာမှာ အတင်းတက်ထိုင်နေတာမို့ ပြည်သူ့ဆီက အခွန်ငွေမရတာ အဆန်းတော့လည်း မဟုတ်ပါ။

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရပြီး မနိုင်ဝန် ထမ်းနေတဲ့ မင်းအောင်လှိုင်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ စစ်အုပ်စုဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ငွေလိုနေတာ မဟုတ်ဘဲ ပြည်သူကိုသတ်ဖို့ ငွေလိုနေတာပါ။

အာဏာသိမ်းစစ်ကောင်စီက ဘဏ္ဍာငွေရဖို့ အသည်းအသန် ကြိုးစားနေသလို တော်လှန်ရေးအင်အားစု တွေဘက်ကလည်း စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေ၊ ရေသောက်မြစ်တွေကို ရတဲ့နည်းနဲ့ ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ သွေးစွန်းခွန် ကောက်ယူမှုမှာ ပူးပေါင်းပါဝင်တာဟာ အကြမ်းဖက်မှုနဲ့ မတရားဖိနှိပ်မှုအပေါ် အားပေးရာ ရောက်နေပါတယ်။

ဝင်ငွေခွန်ဆောင်မှ passport သက်တမ်းတိုးခွင့်နဲ့ ဗီဇာရနိုင်မယ့် အကြပ်အတည်းထဲက ပြည်သူတွေကို နားလည်ပေးရမှာ ဖြစ်ပေမယ့် အခွန်မဆောင်လည်း သက်တမ်းတိုးလို့ရနေသေးတဲ့ နိုင်ငံတွေမှာ ရောက်နေကြတဲ့ ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ထံ သွေးစွန်းခွန်တွေ မရောက်ရှိရေး တိုက်ပွဲဝင်ပေးကြဖို့ Blood Money Campaign က တိုက်တွန်းထားပါတယ်။

အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ အဆုံးထိပါဝင်ကူညီလိုတဲ့ မြန်မာပြည်သူတွေရဲ့ အာဏာသိမ်း စစ်ကောင်စီကို တစ်ပြားတစ်ချပ်မှ မပေးလိုခြင်းဟာလည်း အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #OWIC #BloodMoneyCampaign #Passport #CI #MOU #ပြည်ပရောက်မြန်မာပြည်သူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article