32 C
Yangon

ကရင်နီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လျှင် အသက်ရှင်ခွင့်ပေးပြီး ဖက်ဒရယ် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခွင့်ပေးမည်ဟု ဗိုလ်ကြီး ဟောင်း နေမျိုးဇင် ကမ်းလှမ်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်နီပြည်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အလင်းဝင်လျှင် အသက် ရှင်ခွင့်ပေးပြီး ဖက်ဒရယ်တပ်မတော်၌ တာဝန် ထမ်းဆောင်ခွင့် ပေး မည် ဟု ကရင်နီပြည် ဘက်ပြောင်းရေး အစီအမံ စီမံအုပ်ချုပ်ရေး ကော်မတီ၏ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ကမ်းလှမ်း ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကရင်နီပြည်နယ်၊ လွိုင်ကော် အကျဥ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူနှင့် အတူပူးပေါင်းရန်နှင့် အလင်းဝင်လျှင် အသက်ရှင်ခွင့်ပေးပြီး ဖက်ဒရယ်တပ်မတော်၌ တာဝန် ထမ်းဆောင်ခွင့်ပေးမည်ဟု ဗိုလ်ကြီး နေမျိုးဇင်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေနဲ့အညီ ပြဌာန်း ထားတဲ့အချက်တွေ ရှိတယ်။ ဒါက ဘာလဲ ဆိုရင် ပြည်သူ့ရင်ခွင်ထံကို ပြည်သူ ထံကို ကျွန်တော်တို့ ထံကို လွယ်လင့်တကူ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းကူး ပြောင်း လာမယ်ဆိုရင် ကရင်နီပြည် ဥပဒေအရ အသက်ရှင်သန်ခွင့် မုချရရှိမှာ ဖြစ်တယ်။ အဲဒီတော့ ဒီအတိုင်းဆက်ပြီး မိုက်ရူးရဲဆန်စွာ တောင့်ခံနေမလား ပြည်သူလူထံကို အေးဆေးညင်သာစွာ ကူးပြောင်းပြီးတော့ ကျွန်တော်တို့ မကြာခင် မှာ ဖွဲ့စည်းမယ့် ပြည်ထောင်စု ဖက်ဒရယ်အာမီ၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် Professional တပ်မတော်မှာ ပါဝင်ကူးပြောင်း ထမ်း ဆောင်ခွင့်ရဖို့ ကျွန်တော်က ကျွန်တော်တို့ ဥပဒေနဲ့အညီ အာမခံ ဆောင်ရွက် ပေးသွားမှာဖြစ်တယ်။ ခင်ဗျားတို့ လက်ရှိအဆင့်အတိုင်း အနာဂတ် မှာ ဖွဲ့စည်းမယ့် ပြည်သူတစ်ရပ်လုံးထောက်ခံကြည်ညိုလေးစားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်မှာ လက်ရှိအဆင့်ရာထူးအတိုင်း ဆက်လက် ထမ်း ဆောင် ခွင့်ရဖို့ အာမခံပေးသွားမှာ ဖြစ်တယ်” ဟု ဗိုလ်ကြီး ဟောင်း နေမျိုးဇင် က ပြောသည်။

စစ်ကောင်စီ တပ်သားအဖြစ် လုပ်ဆောင်နေခြင်းသည် တိုင်းပြည်အတွက် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အတင်း အဓမ္မ အာဏာ သိမ်းထားသည့် စစ်ရာဇဝတ်ကောင် ဥပဒေမဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက် ရယူထားသော မင်းအောင်လှိုင်၏ သားသမီးများ၏ ကိုယ်ကျိုးစီးပွား၊ မတရား သဖြင့် နိုင်ငံဘဏ္ဍာများကို ခိုးယူခွင့် ရပိုင်ခွင့်ရရန် စစ်ကောာင်စီ တပ်သားများ က အသက်ဘဝပေးပြီး ကာကွယ်နေကြရသည့် ဘဝရောက်နေ ကြောင်း၊ ပြည်သူကို ကာကွယ်စောင့်ရှောက်မည်ဟု နေ့စဉ် သစ္စာဆိုနေသော် လည်း လက်တွေ့တွင် ပြည်သူတပ်ဆင်ပေးထားသည့် လက်နက်နှင့် ပြည်သူကို ပြန်လည် သတ်ဖြတ်နေကြပြီး ၃ နှစ်တာ ပြည့်တော့မည်ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောဆိုသည်။

ပြည်သူပေါင်း သန်းချီပြီး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကာ လွိုင်ကော် အကျဥ်းထောင် ပတ်ပတ်လည်ရှိ နေအိမ်များ အားလုံးနီးပါးကို စစ်ကောင်စီ တပ်သားများက လက်နက်ကြီးဖြင့် အရမ်းကာ ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား ပျက်စီးရကြောင်း၊ ပြင်ပတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို သေချာမသိဘဲ ဥပဒေဆိုသည်ကိုလည်း သေချာနားမလည် ကိုယ်ဆိုသည့် သစ္စာကိုလည်း သေချာပြန်လည် သေချာမသိ စစ်သည်တော် ကျင့်ဝတ်ကိုလည်း သေချာ နားမလည်ဘဲ အကြမ်းဖက် စစ်ခေါင်းဆောင်များ လျှောက်ခိုင်းသည့် အမိန့်များ အတိုင်း လိုက်လုပ်၁င သေဆုံးသွားသော စစ်သည် အရာရှိများ ယခုကရင်နီ တခွင်တွင် ထောင်ဂဏန်းမက ရှိသွားပြီဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အလင်းဝင်ရန် ဗိုလ်ကြီဟောင်းး နေမျိုးဇင်ဟောပြောနေချိန်အတွင်း လွိုင်ကော် အကျဥ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရှိရာနေရာကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ခင်ဗျားတို့ ပစ်တာ ကျွန်တော်တို့ရဲ့ ခပ်လှမ်းလှမ်းကိုတော့ ရောက်ပါတယ်။ ဒါပေမဲ့ အဝေးကြီးပါ။ အိုကေပါ ရဲဘော်တို့ ကျေးဇူး တင်ပါတယ်။ ခင်ဗျားတို့ အခုလို ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ဒီလို ပြတ်သားစွာ တုံ့ပြန်တဲ့အ တွက် ကြောင့် ကျွန်တော်တို့ စိတ်မကောင်း ဝမ်းနည်းကြေကွဲ ဖြစ်ရပါတယ်။ ” ဟု ဗိုလ်ကြီး နေမျိုးဇင်က ပြောသည်။

လွိုင်ကော် အကျဥ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက် နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်လက် ဟောပြောခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီမှာ စောင့်ဆိုင်းကြိုဆိုနေပါတယ်။ အခုလို မိုက်ရူးရဲဆန်စွာ ဆက်လက်ပြီး အပြစ်မဲ့တဲ့ အကျဉ်းသူ အကျဉ်းသားတွေကို ဓားစာခံ လုပ်ပြီး ခင်ဗျားတို့လုပ်နေတာဟာ နိုင်ငံတကာရဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန် ရာရောက်တယ်လို့ ကျွန်တော်က ခင်ဗျားတို့ကို အသိပေးလိုတယ်။ အဲဒီတော့ အချိန်ပိုင်းအတွင်း ကျွန်တော်တို့ ဆက်လက်စောင့်ဆိုင်းနေမှာဖြစ်တယ်။ လူမျိုးတုန်း သတ်ဖြတ်မှုတရားခံ မင်းအောင်လှိုင်ရဲ့ နောက်လိုက် လက်ပါးစေအဖြစ် မိုက်ရူးရဲဆန်စွာ အသက်ပေးသွားမယ့် လူမိုက်စာရင်းထဲ စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့ ခင်ဗျားတို့တတွေ ပြည်သူ့ စစ်သားတွေအဖြစ် အမြဲ သစ္စာဆိုခဲ့တဲ့ စစ်သားတွေ မပါပါစေနဲ့လို့ ကျွန်တော် ဒီကနေ အလေးအနက်မေတ္တာရပ်ခံလိုက်တယ်။ သတ္တိရှိရှိထွက်လာခဲ့ပါ” ဟု ဗိုလ်ကြီး နေမျိုးဇင်က ဆက်လက်ပြောဆိုခဲ့သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီ #ကရင်နီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article