ရေစကြိုမြို့နယ်၊ ကျောက်လှေခါး စစ်ဆေးရေးဂိတ်နှင့် ပန်းတိုင်ခြုံရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး စစ်ဆေးရေးဂိတ်နှင့် ပန်းတိုင်ခြုံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်သား အလောင်းကို ကျောက်လှေခါးတောင်ဘက် ချောင်းကူးတံတား အနီးတွင် မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရီးသွား ပြည်သူများကို ဖမ်းဆီးကာ စစ်စခန်းနေရာ အသစ် ဆောက်လုပ်ရာတွင် အဓမ္မ လုပ်အားပေးစေခိုင်းနေချိန် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ရာတွင် ပြည်သူများ မထိခိုက်စေရန် ရှောင်ရှားကျဲချ ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေရဲ့ ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ၁ ကောင်သေတယ်။ ပန်းတိုင်ခြုံရွာ တိုက်ခိုက်မှုကတော့ ပြည်သူတွေ ထိခိုက်မှာဆိုးလို့ ရှောင်ရှားပြီး လုပ်ဆောင်ရတော့ စစ်ခွေးတွေ ထိခိုက်မှုမရှိဘူး” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု၊ ဒေါင်းသွေးနီပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။