ကလေးမြို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ကလေး၂ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်မြောက်ဘက် လေးအိမ်စု (မြောင်းလှ) ကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန် ကလေးမြို့ပေါ်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ကျရောက် ပေါက်ကွဲပြီး ကလေး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“လက်နက်ကြီးက မထုတာကြာပြီ။ ညကထုတာမှာ ကလေးနှစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးဆိုပေမယ့် နှာခေါင်းကိုရှပ်ထိသွားတဲ့ကလေး က အသက် ၂ နှစ်ရှိသေးတာဗျ။ နုလွန်းသေးတော့ စိတ်မကောင်းဖြစ်ရတယ်။ သူဘာဖြစ်မှန်းလည်းသိရှာမှာမဟုတ်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ် ဆလိုင်း အာရွန်းဗျက်နွန်းဆန်းဟာ နှာခေါင်းရိုးပေါ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိုင်ဗန်နွန်းခိမ်း ခေါင်းပေါ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူနှစ်ဦးဟာမောင်နှမတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးဒဏ်ကြောင့် နေအိမ်တစ်လုံးနဲ့ ယက်ကန်းစင်တစ်လုံး ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။