ရန်ကုန်၊ ဧပြီ ၁၃
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းအနီးတွင် ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်း Delivery ပို့နေသော မောင်ဟိန်းထက်နိုင်ကို စစ်တပ်က ပစ်သတ်ပြီး မောင်တင်ထွန်းအောင်နှင့်မောင်ကြည်သာတို့ကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“Delivery ပို့နေသော လူငယ် (မောင်ဟိန်းထက်နိုင်ဟု သိရှိရပါသည်) ကို နောက်ကျောကနေ သေနတ်နဲ့ စစ်တပ်က လိုက်ပစ်တာ။ အဲဒါကောင်လေးက လဲကျပြီး ပွဲချင်းပြီး ဆုံးတယ်။ တမင်လိုက်ပစ်တာဗျ။ အဲဒီနားမှာ ရှိနေတဲ့ လူငယ် ၂ ဦးကိုလည်း ရိုက်နှက်ဖမ်းနေတာ။ ဆဲလည်းဆဲ ကန်လည် ကန်၊ သေနတ်ဒင်တွေနဲ့ ရိုက်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင်ရန်ကုန် တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့ ၊ မြို့မ စျေးအနီး ၊ ဖို့မြေလမ်းထိပ်၊ ဗိုလ်ချုပ်နေဝင်း လမ်းမဘေးရှိ KBZ ဘဏ်ခွဲတစ်ခုကို သင်္ကြန်အကြို နေ့ နံနက် ၅ နာရီ ၂၀ မိနစ်တွင် ဗုံးခွဲတိုက်ခိုက်ကြောင်း သန်လျင်ပကဖက သတင်းထုတ်ပြန်သည်။

