ရန်ကုန်၊ ဧပြီ ၁၃
ဟင်္သာတမြို့တွင် လမ်းလျှောက်သင်္ကြန်အဖြစ် ပြုလုပ်ထားသော်လည်း ပါဝင်ဆင်နွှဲသူ ပြည်သူမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများသာ စောင့်ကြပ်နေကြောင်း ၊ ဗဟမဏ္ဍပ်ဖွင့်ပွဲကိုလည်းမည်သူမျှ အဝင်မခံဘဲ အချုပ်ကားပါ အဆင်သင့်စောင့်နေကြောင်း ဒေသခံများက ပြောကြားသည်။
“လမ်းလျောက်သင်္ကြန်ကို ဗဟိုမဏ္ဍပ်ရှိတဲ့လမ်း၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းပေါ် မှာ ဘုရားဈေးလမ်းထိပ်ကနေ ကြံ့ဖွတ်ရုံးရှေ့ထိ လုပ်တာ။ သင်္ကြန်မဏ္ဍပ်က ဝန်ထမ်းတောင်လာတာ မရှိဘူး။ မီးသတ်ဝန်ထမ်းတွေကလည်း ကင်းစောင့်ရမှာလန့်နေကြတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ထို့ပြင် ဗဟို မဏ္ဍပ်ဖွင့်ပွဲကိုလည်း ယနေ့ ညနေ ၄ နာရီခွဲအချိန်မှ ပြုလုပ်ကာ လမ်းပိတ်ပြီး မည်သူမျှ အဝင်မခံဘဲ အချုပ်ကားပါ အဆင်သင့်စောင့်နေကြောင်း၊မနက်ပိုင်းတွင်လည်း အနီးနားလာသူများကို လုံခြုံရေး တင်းကြပ်စွာစစ်ဆေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
အဆိုပါ ဟင်္သာတဗဟိုမဏ္ဍပ်အနီးတွင် ဧပြီ ၁၂ ရက်နေ့ မနက် ၄ နာရီ ၅၀ မိနစ်တွင် ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဗုံးဖောက်ခွဲခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်နှင့် စောင့်ကြပ်လျက်ရှိပြီး အနီးနားရှိ ဆောက်လက်စ တိုက်တစ်ခုအပေါ်တွင်လည်း sniper သမား အသင့်စောင့်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။