25 C
Yangon

သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်က လူငယ် ၄ ဦးကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်က ပြည်သူများကို ရက်စက်စွာ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ကြောင်း ဒေသခံများ၊ ဒေသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အရာတော်တွင် ကိုသစ်ဆန်းလွင်ကို စစ်တပ်က ရိုက်နှက်နှိပ်စက်သတ်ဖြတ်
=========================================

စစ်ကိုင်းတိုင်း၊ အရာတော်အရှေ့နယ်၊ ကြွေပုဂံကျေးရွာမှ ကိုသစ်ဆန်းလွင်(ခ)ကိုပြူးကြယ်၊ အသက် ၂၈ နှစ်ကို အကြမ်းဖက်စစ်တပ်က ဧပြီလ ၉ ရက်နေ့တွင် ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ထားခဲ့သော ရုပ်အလောင်းကို ဒုံဒစ်ရွာနှင့် ဇီးပင်ဝိုင်းရွာ တောစပ် မြသိန်းတန်ဘုရားအနီးတွင် လေးရက်ကြာမှ တွေ့ရှိပြီး သဂြိုဟ်ခဲ့ရကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဒဏ်ရာတွေတော့ အများကြီးပဲ။ ကြိုးလည်း တုပ်ထားပါတယ်။ ခြေထောက် ၂ ဖက်လုံး ကျိုးနေတယ်။ နဖူးမှာလည်း သေနတ်ဒင်နဲ့ ထုထားတဲ့ဒဏ်ရာတွေ့ရတယ်။ အလောင်းက ပုတ်နေလို့ မျက်နှာတောင် မပေါ်တော့ဘူး။ သူ့မိဘတွေတောင် အဝတ်အစားပဲ မှတ်မိတယ်။” ဟု ပကဖတာဝန်ရှိသူတစ်ဦးက အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ပြောဆိုသည်။

ကြွေပုဂံကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းဝင်သည့် ဧပြီ(၉)ရက်နေ့က ကိုပြူးကြယ်ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး တောထဲတွင် နှိပ်စက်၍ ပစ်သတ်ထားခဲ့ခြင်းဖြစ်ကာ သင်္ကြန်ကာလအတွင်းတွင် အလောင်းပြန်လည် တွေ့ရှိရခြင်းဖြစ် ကြောင်း သိရှိရသည်။

ကလေးမြို့တွင် စစ်မှုထမ်းဟောင်းတစ်ဦး၏ သားဖြစ်သူကို စစ်တပ်က ပစ်သတ်
===========================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ ဘူတာဘောလုံးကွင်းအနီး ရထားသံလမ်းတွင် ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် Wave ဝန်ထမ်းဖြစ်သော ကိုမုန်ပီးကို စစ်တပ်က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

“ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်လောက် ကလေးမြို့ဘူတာဘောလုံးကွင်းနားရထားသံလမ်းပေါ်မှာ သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ Wave ဝန်ထမ်း ကိုမုန်ပီး(Mungpi)ကို သေနတ်နဲ့ ပစ် လိုက်လို့ သေသွားတာ။ ဒီမနက် ၁၀ နာရီလောက်မှ အလောင်းပြန်ရပါတယ်။ နောက်ထပ်နှစ်ယောက်လည်း အဖမ်းခံထားရပါတယ်။ သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူ ကိုမုန်ပီးရဲ့ဖခင်ဟာ ဗိုလ်ကြီးအငြိမ်းစားလည်းဖြစ်ပါတယ်” ဟု ကလေးမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မော်လမြိုင်ကျွန်းမြို့ ရာဇူဒိုင်တံတားပေါ် စစ်ကားကို ရေပက်သူ စစ်တပ် ပစ်သတ်ခြင်းခံရ
===========================================

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ ရာဇူဒိုင်တံတားပေါ် ကင်းလှည့်နေသော စစ်ကားကို ရေပက်သူကို ဗုံးပစ်သည်ဟုယူဆပြီး စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်တပ်က စစ်ကားကို ရေပက်သူ ကညင် ခဲရွာနေ ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ရာ နေရာတွင် သေဆုံးပြီး တစ်ဦးမှာ ဆေးရုံရောက်ကြောင်း ဒေသခံများနှင့်ဒေသတင်းရင်းမြစ်များက ပြောဆိုသည်။

“မော်လမြိုင်ကျွန်းမရောက်ခင်၊ ရာဇူဒိုင်တံတား အမှတ် (၁) နွား/ညောင်အုပ်စု ကညင်ခဲကျေးရွာ ဘက်ခြမ်း နေ့လယ် စကစပစ်လို့ တစ်ယောက်သေဆုံးတယ်‌။ စစ်ကားကို ရေသွားပက်တာ။ စစ်ကားက ရပ်လည်းရပ်ရော လန့်ပြီး ထွက်ပြေးလို့ ပစ်သတ်လိုက်တာလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မုံရွာတွင် PDF လူငယ်တစ်ဦးကို စစ်တပ်က ရက်စက်စွာ သတ်ဖြတ်
=======================================

ဧပြီ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် Black Dragon Special Task Force မှ ရဲဘော် ဗိုလ်ကြီး(ခေါ်) ကိုနေမင်းခကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေး၌ သတ်ဖြတ်လိုက်ကြောင်း၊ စစ်ကောင်စီတပ်၏ နှိပ်စက်ညှဉ်းပန်းမှု ကြောင့် ဧပြီ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် စစ်‌ကြောရေး၌ ကျဆုံးခဲ့ကြောင်း Black Dragon Special Task Forceသတင်းထုတ်ပြန်သည်။

ကိုနေမင်းခသည် မုံရွာမြို့ မြဝတီရပ်ကွက်ရှိ နေအိမ်၌ပင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သတင်းပေးဒလန်၏ လိုက်လံ ပြသမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ကိုနေမင်းခကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးနောက် မုံရွာပြည့်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပိုင်ရှင်မဲ့အလောင်းအဖြစ် ပို့ဆောင်ထားကြောင်း Black Dragon Special Task Force – Monywa၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article