26 C
Yangon

စစ်ကောင်စီက ပိတ်သိမ်းထားသော တက်မရေနံမှော်တွင် နယ်မြေခံစစ်တပ်နှင့် စီးပွားရေးသမားတချို့ ပူးပေါင်း၍ ရေနံခိုးထုတ်

Must read

စစ်ကောင်စီက ပိတ်သိမ်းထားသော တက်မရေနံမှော်တွင် နယ်မြေခံစစ်တပ်နှင့် စီးပွားရေးသမားတချို့ ပူးပေါင်း၍ ရေနံခိုးထုတ်

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စုနှင့် တက်မကျေးရွာအုပ်စု အတွင်းရှိ တက်မရေနံမှော်တွင် ရေနံတူးယူခွင့်နှင့် ထုတ်ယူခွင့်ကို စစ်ကောင်စီက ယမန်နှစ်ကတည်းက ပိတ်ပင်ခဲ့သော်လည်း ယခုအခါ နယ်မြေခံတပ်နှင့် စီးပွားရေးသမားတချို့ပူးပေါင်း၍ ရေနံထုတ်လုပ်နေကြောင်း ဒေသစီးပွားရေးသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် ၊ မေလတွင် စစ်ကောင်စီက တက်မရေနံမှော်အတွင်း လုပ်ကွက်အားလုံးကို ပိတ်ပင်ပြီး ရေနံထုတ်ယူခွင့် ရပ်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် နယ်မြေစစ်တပ်နှင့် စီးပွားရေးသမားတချို့ပူးပေါင်းကာ ရေနံထုတ်လုပ်မှုများ ခိုး၍ လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

“တက်မရေနံမှော်က စစ်ကောင်စီက လုပ်ကိုင်ခွင့်တွေ ပိတ်ထားခဲ့တာ ၁နှစ်နီးပါးရှိနေပြီ။ အခု ညောင်ဦး နယ်မြေခံတပ်ရဲ့ G1 ဒုဗိုလ်မှူးကြီး ကို လာဘ်ထိုးပြီးတော့ ခိုးပြီးလုပ်ကိုင်နေကြပါတယ်။ အဲဒီမှာ လုပ်နေတဲ့သူတွေမှာ ဦမျိုးမင်းထွန်း ( မှော်ကော်မတီ ဥက္ကဌ)၊ ဦးကိုကိုကြီး ရေနံတွင်းပိုင်ရှင်၊ ဦးမြင့်နိုင်ဦး (ကနေဒါကုန်းဘောစိဟု ရေနံမှော်အတွင်း လူသိများ)တို့က လုပ်နေကြတာ။ သူတို့က ညောင်ဦး G1 ဒုဗိုလ်မှူးကြီးကို နဲ့ အပေးအယူလုပ်ပြီး ညပိုင်းတွေမှာ ရေနံခပ်ယူနေကြပါတယ်” ဟု ဒေသရေနံမှော်စီးပွားရေးသမားက ရှင်းပြသည်။

စစ်တပ်နှင့်ပူးပေါင်းထားသော ရေနံမှော် လုပ်ငန်းရှင် ၃ ဦးထံမှ တစ်ဆင့် ပြန်လည် လုပ်ကိုင်ကြကြောင်း၊ ညပိုင်း ရေနံ ခိုးခပ်ကြသူများဖြင့် ပြန်လည် စည်ကားနေကြောင်း သိရှိရသည်။

“စစ်တပ်နဲ့ ပေါင်းထားတဲ့ လုပ်ငန်းရှင် ၃ ဦးကတစ်ဆင့် ပြန်လည်လုပ်ချင်သူ ကျင်းပိုင်ရှင်တွေက ၁ ညကို ရေနံ ၁ ပီပါ ပေးပြီး ပြန်လုပ်ခွင့်ရတယ်။ တစ်ဖွဲ့ကို အလုပ်သမား ၅ ဦး ခွင့်ပြုတယ်။ ညပိုင်းကို ၁ လုံးထိုး အင်ဂျင်တွေအစား ဆိုင်ကယ်တွေနဲ့ အစားထိုးပြီး ရေနံခိုးခပ်နေကြတယ်။ တချို့ကျင်းတွေက ၁ ရက်ကို ၅ ဂါလံပုံးနဲ့ ၂ ပုံး ၊ ၃ ပုံးပဲ ထွက်တော့ မကိုက်ကြဘူး။

ခိုးတူးခွင့်ရ ခပ်ခွင့်ရထားတဲ့သူတွေက ပိုင်ရှင်တွေမလာတဲ့ ရေနံကျင်းတွေကိုလိုက်ပြီး ခိုးခပ်နေတော့ ကျင်းတွေပျက်စီးပြီး ကျင်းပိုင်ရှင်တွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နေပါတယ်”ဟု ဒေသ ရေနံမှော်လုပ်ငန်းရှင်က ရှင်းပြသည်။

စစ်တပ်က ရေနံမှော်တွင် ညပိုင်းကင်းလှည့်သော်လည်း ၎င်းတို့ခွင့်ပြုထားသူများကို တစ်စုံတစ်ရာ အနှောင့်အယှက်မပေးကြောင်း၊ လက်ရှိတွင် ရေနံခိုးခပ်သူများကြောင့် ကျင်းအများစုမှာ ထိန်းသိမ်းမှုမရှိတော့ဘဲ ပျက်စီးကုန်ကြောင်း သိရှိရသည်။

“ရေနံခိုးခပ်သူတွေကြောင့် တချို့ ကျင်းတွေပျက်စီးကုန်ပါပြီ။ ကျင်းတစ်ကျင်းရဲ့ ရင်းနှီးကုန်ကျငွေ ၃၀၀ သိန်းမှ ၄၀၀ သိန်းအထိ ရှိနေပါတယ်။ ကျင်းပိုင်ရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ် ရေနံမှော်လုံခြုံရေးအတွက် တာဝန်ယူပေးထားတဲ့ စစ်တပ်ကို အဓိက ထောက်ပံ့ပေးနေတဲ့နောက်လုပ်ငန်းရှင်တစ်ဦးက ဗိုလ်ကြီးဟောင်းနဲ့ ရှယ်ယာ ရေနံတူးနေတဲ့အရာတော်ကျေးရွာသား ရွှေသိန်း။ အဲဒါတွေဖြစ်ပျက်နေတယ်။ စစ်တပ်ကလည်း တကယ့်ကို အောက်ပိုင်းမှာ အကျင့်ပျက် ခြစားတော့ ကျနော်တို့ ရေနံမှော်ကျင်း ပိုင်ရှင်တွေ အရမ်းနစ်နာပါတယ်” ဟု လုပ်ငန်းရှင်က ရှင်းပြသည်။

တက်မရေနံမှော်တွင် ရေနံတွင်း တစ်နိုင်တစ်ပိုင်တူးသူ ၃၀၀ ဦးအထက်ရှိပြီး ရေနံတူးသော ကုမ္ပဏီ ၅ ခုထက်မနည်းရှိခဲ့ကြောင်း၊ ရေနံတွင်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article