ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူဘုရားဝင်း နှင့် ချောင်းကူးတံတားကို လာရောက် ဖျက်ဆီးသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရွှေတဂူဘုရားဝင်း နှင့် ချောင်းကူးတံတားကို လာရောက် ဖျက်ဆီးသော အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွှေတဂူဘုရားအနီးရှိ သဘက်ချောင်းကူးတံတားနှင့် ရွှေတဂူဘုရားဝင်းအတွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး ထက်မနည်း သေဆုံးကာ အလောင်း ၂ လောင်းနှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့က ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဧပြီလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်သားများနှင့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
