■ မီးလောင်ပျက်ကျသွားသည့် စစ်ကောင်စီရဟတ်ယာဉ်မှာ Mi17 ရဟတ်ယာဉ်ဟုဆို
ရန်ကုန်၊ မေ ၆
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အနီး အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန် ခေတ်သစ်သတင်းဌာနကို အတည်ပြု ပြောကြားသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဖားဆောင်းမြို့နယ်ကို လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဘောလခဲမြို့နယ်အနီးတွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဟတ်ယာဉ် ပစ်ချတာတော့ မှန်ပါတယ်။ အတည်ပြုလို့ရပါတယ်။ ပစ်တော့ ထိတယ်လေ။ ထိတော့ မီးလောင်ပြီးတော့ကျသွားတယ်ပေါ့။ ဖားဆောင်း အောက်ဘက်မှာ ဘောလခဲဗျူဟာ အပေါ်ဘက် သူထိတော့ ဗျူဟာဘက်ကို ပျံတက်သွားတယ်ပေါ့။ အဲတော့ ဘောလခဲ မရောက်ခင်မှာပဲ ပျက်ကျသွားတာပေါ့။ နေရာအတိအကျတော့ မသိရသေးဘူး။ အဆက်အသွယ်လည်း ခက်ခဲနေတယ်။ ပျက်ကျတဲ့ နေရာတော့ ပြောဖို့ခက်မယ် ဒါပေမယ့် ပျက်ကျသွားတာတော့ သေချာပါတယ်။ အတည်ပြုလို့ရပါတယ်။ သူတို့ ပထမ ၁၀ နာရီခွဲ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲတယ်။ သူတို့ တပ်စခန်းနားမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲပြီးတော့ ၁၀ မိနစ်လောက်ကြာတော့ သူတို့ လူနာလားမသိဘူး လာပြီးတော့ သယ်သွားပြီးတော့ ကလေးတွေက ပစ်တော့ ထိသွားတယ်။ ပျက်ကျသွားတဲ့ ကောင်က Mi-17 ဖြစ်ဖို့ ပိုများတယ်။ ကျွန်တော်တို့ များသော အားဖြင့် ရှေ့တန်းမှာ ယူသွားတာတော့ ပွိုင့် ၅ ပေါ့။ ” ဟု ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန် ခေတ်သစ်သတင်းဌာနကို အတည်ပြု ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
