လူထုလွတ်မြောက်ရေးရသည်အထိ ပြည်သူနှင့် အတူ တစ်သားတည်းရပ်တည်သွားမည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
ရန်ကုန်၊ မေ ၈
ဗကသများအဖွဲ့ချုပ်က ၈၈ နှစ်ပြည့် အထိမ်းအမှတ်ကြေညာချက်ကို ယနေ့ မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လူထုလွတ်မြောက်ရေးရသည်အထိ ပြည်သူနှင့် အတူ တစ်သားတည်းရပ်တည်သွားမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် ပြည်သူများသည် စစ်ဘေး၊ စီးပွားရေး လူမှုရေးအကျပ်အတည်းများ ရှိနေချိန်၌ အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဥပဒေထုတ်ပြန်၍ ဖက်ဆစ်စစ်တပ်အတွက် စတေးခံရန် မတရားသဖြင်် ဆင့်ခေါ်နေကြောင်း၊ အဆိုပါ ဖိနှိပ်မှုများ၏ တစ်ခုတည်းသော ထွက်ပေါက်သည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖြုတ်ချရေးပင်ဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူသို့ အမှာစကားပါးချင်ကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီမှ မခင်နီက ပြောကြားသည်။
” တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံးကို စစ်အာဏာရှင်စနစ်ကို ရန်သူလို့ ပြတ်ပြတ်သားသားသဘောထားပြီး တော်လှန်ရေးမှာ ကျရာနေရာကနေ ပါဝင်ကြဖို့၊ မပါဝင်သေးသူတွေကိုလည်း ပါဝင်လာအောင် စည်းရုံးဖို့၊ ပါဝင်နေသူတွေကိုလည်း ခိုင်မာကျစ်လစ်တဲ့ အင်အားစုတွေ ဖြစ်လာအောင် တည်ဆောက်ကြရင်း တပ်ပေါင်းစုလမ်းကြောင်းဆီ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်”ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီမှ မခင်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
