ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ညီဖြစ်သူကို စစ်ကောင် စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆွေး နွေး တိုင်ပင်စရာရှိသည်ဟုဆိုပြီး လိမ်ခေါ် သတ်ဖြတ်
ရန်ကုန်၊ မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူတို့ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသည်ဟု ဆိုကာ လိမ်ညာခေါ်ယူပြီး ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၁၀ ရက် နံနက်ပိုင်း စစ်ဘေးရှောင်နေသည့် ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်နှင့် ညီဖြစ်သူ ဝေးပလွန်တို့ကို အကြမ်းဖက်စ်စတပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသဖြင့် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ချိန် ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၏ သတ်ဖြတ်ခြင်းခံရသူ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်သည် ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကို လည်း ကူညီစောင့်ရှောက်ပေးနေသူ ဖြစ်ကြောင်း၊ ဒေသနေပြည်သူလူထုအတွက် အားကိုးပြုရသူတစ် ဦးဖြစ် ကြောင်း သိရသည်