ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ပကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ AA က ကန့်ကွက်
■ အဖွဲ့အစည်းတချို့မှာ သဘောထားဆန္ဒမပါဘဲ ကြေညာချက်တွင် ပါဝင်နေဟုဆို
ရန်ကုန်၊ မေ ၂၅
ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ အပြင်းအထန် ကန့်ကွက်ကြောင်း AA က သတင်းထုတ်ပြန်သည်။
မေလ ၂၂ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ စုစုပေါင်း ၁၉၅ ခုက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အာရက္ခ တပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း၊ ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ် ဖြတ် ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု တော်လှန်ရေးအင်အားစုနှင့်အရပ်ဘက်အဖွဲ့ ၁၉၅ ခုက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အချက်အလက် တချို့ မှားယွင်းနေပြီး မြေပြင်ပကတိအချက်အလက်များနှင့် ကွဲလွဲမှုများရှီကြောင်း၊ မဟုတ်မမှန်သတင်းများ၊ အခြေအမြစ်မရှိသော စွပ်စွဲချက်များ၊ AA ကို နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ပြုလုပ်သော အသုံးအနှုန်းများ ပါဝင်နေ၍ AA က ကန့်ကွက်ကြောင်း ထုတ်ပြန် သည်။
ထို့ပြင် အဆိုပါ ကြေညာချက်တွင် တချို့အဖွဲ့များမှာ သဘောထားဆန္ဒမပါဘဲပါဝင်ရမှုများရှိကြောင်း AA က ထုတ်ပြန်ထားသည်။

