KNU တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၇၀ ချီးမြှင့်
ရန်ကုန်၊ ဇွန် ၇
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း KNU−ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ဇွန်လ ၇ ရက်နေ့တွင် မော့ကနင် အခြေစိုက် စကခ-၁၉ လက်အောက်ခံ ခလရ-၁၀၆ တပ်ရင်းမှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် သည် KNLA – တပ်မဟာ ၆ ထံ လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ထောက်ပံ့ငွေ ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် သည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၃၀ တောင့်၊ MA-5 ပစ္စတို သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု ၊ ကျည် ၁၁ တောင့် နှင့် အီနာဂါ ဗုံးသီး ၄ လုံး ယူဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
KNU ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း နေရာအနှံ့ တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း အများအပြားကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာသည့်အတွက် KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များသည်လည်း အထက်အမိန့်ကို ဖီဆန်၍ KNU ကရင် အမျိုးသား အစည်းအရုံး – K.N.L.A – တပ်မဟာ ၆ ထံ အများအပြား လာရောက်ပူးပေါင်းခြင်းများရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ် အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောက်တိုင်မှန်သမျှကို ဆန့်ကျင်ရန်နှင့် စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော စစ်တပ်ကို စွန့်ခွာ၍ KNU – ကရင် အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများ၏ ရင်ခွင်ကို စိတ်ရင်းဖြင့် လာရောက်ပူးပေါင်းကြရန် KNU ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

