27 C
Yangon

စဉ့်ကူးမြို့နယ်၊ သာယာဝတီရွာကို သံခွံရေယာဉ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

စဉ့်ကူးမြို့နယ်၊ သာယာဝတီရွာကို သံခွံရေယာဉ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီရွာကို သံခွံရေယာဉ်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း – ဝက်လက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကထုံးကြီးရွာမှ အကြမ်းဖက် စစ်သားများသည် မူးရူး သောက်စားပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းပေါ်ရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စက်လတ်များဖြင့် ပစ်ခြင်းများပြုလုပ်၍ ပြည်သူများထံမှ ချောဆွဲထားသော သံခွံ ရေယာဉ်ဖြင့် သာယာဝတီရွာဆိပ်ကမ်းကို ထိုးကပ်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းကပ်လာသော အကြမ်းဖက် စစ်သားများကို မြို့နယ် တော်လှန်ရေးတပ်ဖွဲ့များက ဆီးကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ အထိနာပြီး သံခွံရေယာဉ် နောက်ပြန်လှည့် မောင်းပြေးသွားကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်မှ စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သားများ စီးနင်းလာသော သံခွံ ရေယာဉ်မှာလည်း တော်လှန်ရေး ရဲဘော်များ ပစ်ခတ်သော RPG – 7 ဂီယာပေါက်ကို ထိမှန်ခဲ့ပြီး မောင်းနှင်၍ မရတော့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ထုံးကြီးရွာကို ပြန်လည်ရောက်ရှိသွားပြီး သာယာဝတီရွာကို ထပ်မံကူးလာရဲခြင်းမရှိတော့ကြောင်း ကင်းထောက်မြေပြင်သတင်း – ဝက်လက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ် တောင်အင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ဇီးကုန်းရွာ၊ ဆင်သေရွာနှင့် ကျွန်းဦးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဇီးကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်ရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆင်သေရွာမှ ပြည်သူ ၂ ဦး လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း၊ ကျွန်းဦးရွာမှ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း – ဝက်လက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article