ရေဦးမြို့ရှိ စစ်တပ်၏ လက်နက်ကြီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ဘက်အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ရေဦးမြို့၊ မြောက်ဘက် အထွက်၌ လက်နက်ကြီး အထိုင်ချကာ ပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသော အကြမ်းဖက် စစ်တပ် စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၆ လုံးစလုံး ပစ်မှတ်ကို တိတိကျကျ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“သေဆုံးထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊ အဲဒီဂိတ်က စခတွေက စစ်ဆေးမှုကြမ်းတယ်၊ ပျူနဲ့ စခတွေ နဲ့ပေါင်းပြီး ဆိုးနေလို့ သွားချခဲ့တာ၊ ဟိုတနေ့ကလည်း လက်နက်ကြီးနဲ့ ရေဦးမြောက်ဖက်က ဖိန်းကား ရွာကို လက်နက်ကြီးနဲ့ထုလို့ သားအဖနှစ်ဦး ဆုံးသွားတယ်၊ အဲဒီဂိတ်က လှမ်းပစ်တာ၊ အဲဒီနေ့က ၃ လုံးပစ်တာ၊ တစ်လုံးက သားအဖနှစ်ဦးကို ထိသွားတာ၊ ဆန်စက်မှာ အလုပ်လုပ်နေတဲ့သားအဖနှစ်ဦး ပဲ။ အဲဒီဆန်စက်ကို ကျရောက်ပေါက်ကွဲပြီး သေတာ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲ့၊ ဒရုန်းတပ်စု ရဲ ဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။