28 C
Yangon

Breaking News- ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့

Must read

Breaking News- ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့

■ ကာယကံရှင် ကန်သုံးဆင့်ဆရာတော်၏ မိန့်ဆိုချက်ကြောင့် ငြင်းမရဘဲ အလိမ်ပေါ်ခဲ့

ရန်ကုန်၊ ဇွန် ၂၂

နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ဖြစ်သော ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်သားများက ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့ရကြောင်း မူလကတည်းက စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များ အား လုံး သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်အတွင်းတွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်ခတ်ခဲ့သည်ကို စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များထံသို့ စရဖ၊ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနမှ ကနဦးလျှို့ဝှက် အစီရင်ခံစာများ ပေးပို့ခဲ့ကြကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီထိပ်ပိုင်းဗိုလ်ချုပ်များအားလုံးက ယင်းဖြစ်စဉ်ကို သိရှိခဲ့ကြကြောင်း၊ ထို့နောက် ဆရာတော်ကြီး ပျံလွန်တော်မူမှုသည် PDF ၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟုဆိုကာ အပြစ်ပုံချရန် စစ်ကောင်စီထိပ်ပိုင်းကပင် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

“ဖြစ်စဉ် ဖြစ်တဲ့နေ့ ဇွန်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ စစ်ရုံးကို ကြေးနန်းတွေကဝင်နေပါပြီ။ စရဖ၊ ထွေ/အုပ်၊ ရဲကြေးနန်း၊ သာသနာရေး၊ မန္တလေးတိုင်းစစ်ဌာနချုပ်ကြေးနန်း အကုန် လုံးက လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်လိုက်လို့ ဆရာတော် ပျံလွန်တော်မူတယ်ဆိုတာ အားလုံးက တူညီစွာပဲ ကြေးနန်း ကနဦး သတင်းတွေမှာ ဖော်ပြထားတယ်။ စစ်ရုံးဘက်ကနေ ဆရာတော် ပျံလွန်တော်မူတာ PDF ကြောင့် ဆိုတာမျိုး ထွက်ချက်တွေရဖို့ သတင်းထုတ်ပြန်ဖို့ အမိန့်ပေး ညွှန်ကြားခဲ့ပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

အွန်လိုင်းပေါ်တွင် ပေါက်ကြားလာသော မန္တလေး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၏ ကနဦး ကြေးနန်းတင်ပြစာတွင်လည်း ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည်ကို ဖော်ပြခဲ့ပြီး ယင်းကြေးနန်းစာပေါက်ကြားမှုအတွက် ညွှန်ကြားရေးမှူး ဦးကျော်လှိုင်ကို အရေးယူရန် စစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လိမ်လည်မှု ပေါ်ပေါက်ရခြင်းမှာ မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီး၏ မိန့်ကြားချက်ကြောင့် မငြင်းသာတော့ဘဲ ဝန်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော ပဲခူး၊ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသော Surf ကားကို စစ်ကောင်စီတပ်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ ညပိုင်း ဝန်ခံပြောဆိုခဲ့သည်။

ဆရာတော်များလိုက်ပါသော အရပ် သား Surf ကားကို ဟန့်တားရန် မိုးပေါ်ထောင်သေနတ်ဖောက်သည့်အပြင်ကားကိုပါ ပစ်ခတ်ခဲ့ကြောင်း ၊ယခုအခါ အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းနေကြောင်း၊ စုံစမ်းဖော်ထုတ်ချက်များအရ တွေ့ရှိချက်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article