27 C
Yangon

ကျောက်မဲတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး Non-CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်၊ တစ်မြို့လုံး တိတ်ဆိတ် ခြောက်ကပ်နေ

Must read

နောင်ချိုမြို့နယ်ရှိ ခမရ ၁၁၄ နှင့် ခမရ ၁၁၅ ကို တော်လှန်ရေးတပ်များ ဝင်တိုက်နေ

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများအားလုံး ပိတ်သိမ်းသွားပြီး Non-CDM ဝန်ထမ်းများအားလုံးလည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသပြည်သူများနှင့်ဝန်ထမ်း သတင်းရင်းမြစ်တချို့က ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်းကောင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ တိုက်ပွဲများ စတင်ဖြစ်ပွားသည်နှင့် ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး မဖွင့်တော့ဘဲ ပိတ်သိမ်းသွားပြီး Non- CDM ဝန်ထမ်းများအားလုံး ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ မြို့ပေါ်မှ ပြည်သူများလည်း ဆိုင်များ ပိတ်သိမ်းပြီး နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“ရဲစခန်းက နဂိုကလည်း အစောင့်ပဲရှိတာ။ အခုတော့ အစောင့်ပါ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ တရားရုံးလည်း ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာ။ အခုတော့ လုံး၀ ပိတ်သွားပြီ။ အခြားဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတယ်။ ဝန်ထမ်းတွေလည်း ပြေးကုန်ပြီ။ တချို့ကတော့ တပ်ထဲပြေးတယ်။ တချို့က တော့ကိုယ့်အစီအစဉ်နဲ့ ကိုယ် စစ်ဘေးရှောင်ကြတယ်။ မြို့ပေါ်မှာတော့ စျေးဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။ မြို့ပေါ်မှာ လူမရှိတော့ဘူး။ စစ်ဘေးစရှောင်ကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ နောင်ချိုမြို့နယ်တွင်လည်း ယနေ့ နံနက် ၅ နာရီမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အုမ္မသီး လမ်းခွဲအနီးတွင်လည်းကောင်း၊ ကျောက်ကြမ်းကျေး ရွာအနီးတွင်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြောင်း၊ နောင်ချိုအခြေစိုက် တပ်များကိုလည်း တော်လှန်ရေးတပ်တချို့က တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“နောင်ချိုမှာ တိုက်ပွဲစတာက အခုမနက် ၅ နာရီမှာ စတယ်။ TNLAနဲ့စကစ တို့ နှစ်ဖက် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီရဲ့ ခမရ ၁၁၄နဲ့ ခမရ ၁၁၅ ကို ဝင်တိုက်တယ်” ဟုတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ချုပ်ဆိုသဘောတူညီခဲ့သော ဟိုင်ဂင်အပစ်ရပ်ရေးသဘောတူညီချက် စာချုပ်မှာ ၄ လကျော်ကြာမြင့်လာချိန်တွင် ကျိုးပေါက်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ- ယခုနံနက်ပိုင်း တိတ်ဆိတ်ခြောက်ကပ်သွားသော ကျောက်မဲမြို့မြင်ကွင်းများ။

Photo- Thaungpaw Tharlay

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article