36 C
Yangon

ထီးလင်းတွင် စစ်တပ်က ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်း ခြောက် အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရ

Must read

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက် ကြီးရွယ်အို အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်းခြောက်အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း ၊ ထီးလင်း အကြည်ဝါးဘင်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်၊ တပ်မ ၁၁ ကို YDF က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီး နိုင်ခဲ့ကြောင်း၊ ထို့နောက်ရွာတွင်းရှိ ရွာဦးကျောင်းဆရာတော်၊ကိုရင်ငယ်များနှင့်သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ(၂၀)ဦးခန့်ကို ဓားစာခံအဖြစ်ထိန်းသိမ်းကာ လူနှင့်လက်နက်ပြန်မပေးပါက ဓားစာခံများအားလုံးကိုသတ်ပြီးတစ်ရွာလုံးမီးရှိူ့ပစ်မည်ဟုခြိမ်းခြောက်အကျပ်ကိုင်လာကြောင်း သိရှိရသည်။

YDF က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့်အားလျော်စွာ ပြည်သူ့မျက်နှာကိုသာကြည့်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အဆင့်ဆင့်ဆွေးနွေးခဲ့ရကြောင်း၊ နောက်ဆုံးတွင်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများပြန်မပေးတော့ဘဲ ၄င်းတို့ကို ထီးလင်းမြို့သို့ရောက်သည်အထိ YDFက ထပ်မံတိုက်ခိုက်ခြင်းမပြုပါဆိုသည့် ကတိကိုပေးလိုက်ရကြောင်း YDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာနိုင်ရန် ပြင်ဆင်ထားသမျှအားလုံးကိုဖျက်သိမ်း၍ လမ်းကြောင်းဖွင့်ပေးခဲ့ရကြောင်း၊ အထိနာကြောက်လန့်နေသော စစ်ကောင်စီတပ်သားများသည် ထိုကတိကိုမယုံရဲသေးဘဲ အကြည်ဝါးဘင်းရွာသား ၃ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ရွာမှထွက်ခွာသွားကြောင်း၊ ၎င်း စကစ စစ်ကြောင်းမှာ လက်ရှိအချိန်တွင် ဝက်သက်ကျေးရွာအနီး တောအတွင်း တပ်ဖျောက်ထားလျက်ရှိကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ယုတ်မာကောက်ကျစ်မှုများကိုသတိပြုလျက် ၄င်းတို့နှင့်ဝေးဝေးရှောင်ရှားပေးကြပါရန်နှင့် စစ်ကြောင်းထိုးလာသည့်ကာလမျိုးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့တို့၏လမ်းညွှန်ချက်များကိုအတိအကျလိုက်နာကြပါရန် တိုက်တွန်းအပ်ကြောင်း၊ အလားတူကိစ္စရပ်မျိုးထပ်မံဖြစ်ပွားလာခဲ့ပါက YDF က အလျော့ပေးညှိနှိုင်းမှုများလုပ်ဆောင်တော့မည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြတ်ပြတ်သားသားတော်လှန်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း YDF က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရွေ့လျားပျောက်ကျားစစ် ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် YDF ၏တပ်စိတ်တစ်စိတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article