28 C
Yangon

တာမွေတွင် ဧည့်စာရင်းတိုင်လျှင် ၅၀၀၀ ကျပ်၊ ခရီးသွားထောက်ခံစာအတွက် ငွေကျပ် ၃၀၀၀ နှုန်း တောင်းခံနေ၊ ညောင်တုန်းတွင် စစ်မှုမထမ်းရန် တစ်အိမ် ၂ သောင်းပေးရ

Must read

တာမွေ

ရန်ကုန်၊ ဇွန် ၂၆

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်လျှင် တစ်ဦး ငွေကျပ် ၅၀၀၀ နှုန်း၊ ခရီး သွားထောက်ခံစာ တစ်စောင်လျှင် ငွေကျပ် ၃၀၀၀ နှုန်းတောင်းခံနေပြီး ရပ်ကွက်ရုံးနှင့် ပတ်သက်သော ကိစ္စမှန်သမျှ ငွေပေးဆောင်နေရကြောင်း တာမွေမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များအားလုံးတွင် ယင်းသို့ ငွေကြေး အဆမတန်တောင်းခံမှုများ လုပ်ဆောင်လာခြင်းဖြစ်ပြီး ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ ငွေခြိမ်းခြောက်တောင်းယူမှုများဖြစ်ပွားနေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး များအဖြစ် တာဝန်ယူကြသူများမှာလည်း အဆိုပါငွေကြေးများဖြင့် လခပုံစံမျိုး ခွဲဝေ ရယူနေကြကြောင်း သိရှိရသည်။

“တာမွေကျောက်မြောင်း‌ရပ်ကွက်ပေါင်းစုံမှာပါ။ ဧည့်စာရင်းတိုင်ခအသစ် ဆိုရင် ငွေကျပ် ၅၀၀၀ ပေးရတယ်။ အဟောင်းဆိုရင် ၁၀၀၀ ကျပ်။ ရပ်ကွက် ထောက်ခံစာတစ်စောင် ၃၀၀၀ ပေးရတယ်။ အလှူငွေမဟုတ်ဘူးနော်၊ ပေါ်တင် တရား၀င်တောင်းတာ။ ခရီးသွား ထောက်ခံစာတစ်စောင်ကိုလည်း ၃၀၀၀ တောင်းတယ်။ ရတာကလည်း ငွေကို တစ်နေ့ သိန်းဆယ်ဂဏန်းချီရတာ။ အဲဒီတော့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေခွဲဝေ ယူပြီး အူစိုနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထိုသို့ ငွေကြေးများ အဆမတန်ကောက်ခံမှုများအတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် အထိ တိုင်ကြားသော်လည်း အရေးယူမရှိသည့်အပြင် ရပ်ကွက်ရုံးများက ငွေကြေးများကို စိတ်မထင်လျှင် မထင်သလို ခြိမ်းခြောက်တောင်းယူမှုများပင်ရှိလာကြောင်း သိရှိရသည်။

အလားတူ ၊ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ နယ် ဂုံမင်းဆိပ်ကျေးရွာအုပ်စုတွင် စစ်မှုမထမ်းလိုလျှင် တစ်အိမ် ငွေကျပ် ၂ သောင်းပေးရမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး မောင်ဝင်းက တောင်းခံနေကြောင်း၊ အဆိုပါကျေးရွာတွင် အိမ်ခြေ ၆၀၀ ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်များထံမှ ငွေကြေးများအတင်းအကျပ် ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။

” ရွာကလူတွေ စစ်မှုမထမ်းချင်ရင် စစ်မှုထမ်း ၂ ယောက် ငှားဖို့ ဆိုပြီး အိမ်ခြေ ၆၀၀ ကို တစ် အိမ် ၂ သောင်း ကျပ် တောင်းတယ်။ ပထမ တစ်ကြိမ်တုန်းကလည်း တစ်အိမ် ၁၅၀၀၀ နှုန်း ကောက်တယ်။ လစဉ်လိုလို ကောက်နေတာ။ ပြည်သူတွေမှာ စားဝတ်နေရေး ကျပ်တည်းနေတာကို သူတို့တောင်းတာကို ချေးငှားပေးနေရတယ်။ ငွေအတင်း အကျပ် ကောက်နေတာက အုပ်ကြီး မောင်ဝင်း နှင့် အောင်ဇံ ၊ အောင်မြိုင်၊အောင်ခင်၊ မောင်တာ၊ နိုင်ဝင်း၊ သန်းထွဋ်တို့က တောင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့များက​ ငွေ ကြေးခြိမ်းခြောက်တောင်းယူမှုများ၊ တရားမဝင် ငွေညှစ်မှုများကို မည်သို့မျှ အရေးယူခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article