28 C
Yangon

ဂန့်ဂေါတွင် ဖမ်းဆီးရမိသော ပျူစောထီးများကို မြို့နယ်ပအဖထံသို့ လွှဲပြောင်းအပ်နှံ

Must read

ရန်ကုန်၊ ဇူလိုင် ၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာအနီးတွင် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်း ပျူစောထီး ၂ ဦးကို မြို့နယ်ပအဖထံသို့ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။

အဲဒီစစ်သုံ့ပန်း ပျူစောထီး တွေကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ခွဲ ၂ ရှေ့တန်းကင်းမှ မေလ ၂၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“ရှေ့တန်းရဲဘော်တွေက ကင်းလှည့်ရင်း ဖမ်းမိခဲ့တာပါ။ တပ်ဖွဲ့က လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ဖို့ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ ခုက လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးပြီဖြစ်လို့ မြို့နယ်ပအဖကို တရားဝင် စာနဲ့ တာဝန်ရှိသူတွေဆီ လွှဲပြောင်းခဲ့တာပါ”လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေးက ပြောပါတယ်။

အဆိုပါ စစ်သုံ့ပန်းတွေကို တပ်ဖွဲ့ရဲ့ ရှေ့တန်းကနေ နောက်တန်းဌာနချုပ်ထိ အဆင့်ဆင့် ပို့ဆောင်ခဲ့ပြီး ဌာနချုပ် အချုပ်ထောင်မှာ တပ်ဖွဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ချုပ်နှောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“သူတို့ကို ကျွန်တော်တို့စားသလိုပဲ တစ်နေ့ကို ထမင်းသုံးနပ်ကျွေးတယ်။ တစ်နေ့ကို ရေတစ်ကြိမ် ချိုးခွင့်ပေးတယ်။ တပ်ဖွဲ့က ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ချုပ်နှောင်ထားခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေ ကျွန်တော်တို့ မလုပ်ပါဘူး။ လုပ်လို့လည်း မဖြစ်ပါဘူး။ ရန်သူလုပ်သလို ကျွန်တော်တို့က လိုက်လုပ်ရင် ရန်သူနဲ့ ဘာမှ ထူးမှာမဟုတ်ပါဘူး။ တချို့ရဲဘော်တွေက စိတ်ခံစားချက်နဲ့ သတ်ပစ်စေချင်ကြတယ်။ ခုလည်း မြို့နယ်ကိုအပ်ဖို့ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ အပ်တာပါ”လို့လည်း ရဲဘော်ယောလေးက ပြောပါတယ်။

ပျူစောထီး ၂ ဦးကို စတင်ဖမ်းဆီးရမိချိန်က လက်လုပ်ပြောင်းချောသေနတ်အတို ၁ လက်၊ စစ်ကောင်စီထုတ် ၅.၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူများကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မြို့နယ်ပအဖထံ အပ်နှံတာက ပထမဆုံးအကြိမ်ဖြစ်ကာ ပျူစောထီးရွာများမှ ထွက်ပြေးလာသူများကို ကယ်ထုတ်ပေးပြီး အပ်နှံလွှဲပြောင်းမှုတွေတော့ အရင်က ရှိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံတပ် မဟုတ်ဘဲ ယောအရေးကို လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ရေးအတွက် သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article