28 C
Yangon

ဆီဆိုင်တွင် စစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သား ၃ ဦးကို ဖမ်းဆီးပြီး တော်လှန်ရေးအားပေးသူများဟု စွပ်စွဲသတ်ဖြတ်

Must read

ဆီဆိုင်တွင် စစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သား ၃ ဦးကို ဖမ်းဆီးပြီး တော်လှန်ရေးအားပေးသူများဟု စွပ်စွဲသတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားများကို ဖမ်းဆီးပြီး တော်လှန်ရေးအားပေးသူများ ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း PNLA က ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန် ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအတွင်းသို့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုး ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ကျေးရွာအတွင်းသိုရောက်ရှိသည်နှင့် ဒေသခံပြည်သူများအား ရိုက်နှက်နှိပ်စက်ကာ နေအိမ် ၈ လုံးထက်မနည်းကို မီးရှိဖျက်ဆီးခဲ့ကြောင်း၊ နား ခိုက် ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ယခင် ဧပြီလတွင်လည်း စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်များက ပထမအကြိမ် မီးဝင်ရှို့ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် PNO ပြည်သူ့စစ်၏ ရိုက်နှက်မှုကြောင့် နားခိုက်ကျေးရွာနေ ဦးတောင်းဆိုသူမှာ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်ကျိုးခဲ့ကြောင်း၊ ယင်းနောက် နားခိုက်ကျေးရွာမှ အရပ်သား ပြည်သူ ၁၀ ဦးထက် မနည်းကို PNO ပြည်သူ့စစ်က ဖမ်းဆီးခဲ့ပြီး ၃ ဦးထက်မနည်းကို ရွာလယ်ခေါင်တွင်ပင် ပစ်သတ်ခဲ့ကြောင်း၊ အရပ်သားများကို PNO ပြည်သူ့စစ်များက တော်လှန်ရေးကိုအားပေးသူများဟု စွပ်စွဲကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အရပ်သားပြည်သူများကို ဖမ်းဆီးခဲ့သည့်ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ခေါင်းဆောင်များ၏ လူမှုကွန်ယက်တွင် တင်ခဲ့ပြီး ယင်းဓာတ်ပုံများတွင် ပါဝင်သည့် ရွာသား၅ ဦး အခြေအနေကို ဆက်လက်စုံစမ်းရာ နားခိုက်ဒေသခံ ခွန်တမျို ၊ ခွန်ခင် နှင့် နောက်ထပ်အမည်အတည်မပြုနိုင်သေးသည့် ဒေသခံ ၁ ဦး စုစုပေါင်း ၃ဦးမှာ PNO ပြည်သူ့စစ်က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

PNO ပြည်သူ့စစ်က သတ်ဖြတ်လိုက်သူများသည် နားခိုက်ကျေးရွာမှ ဒေသခံ ပအိုဝ်းလူမျိုးများဖြစ်ပြီး PNO က ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်သည့် အပြစ်ကို ဝန်မခံရဲဘဲ PDF များကို ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့သည်ဟု အမြဲတမ်းလိုလို ဝါဒဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။

ထိုအပြင် စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်များသည် နားခိုက်ကျေးရွာအတွင်းရှိ ကားတစီးကို မီးရှိပြီး ၊ ကားတစီးနှင့် ဆိုင်ကယ် ၂၆ စီးကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က နားခိုက်ကျေးရွာကို ထမင်းထုပ် ၆၀၀ ပို့ပေးရန် တောင်းသဖြင့် ဒေသခံများက ချက်ပြုတ်ပြီး သွားရောက်ပိုဆောင်ရာ ထမင်း ဟင်းများကို မစားသောက်ဘဲ ဒေသခံများရှေ့တွင်ပင် မြေကြီးပေါ် အကုန်သွန်ချပစ်ပြခဲ့ကြောင်း သိရှိရသည်။

PNO ပြည်သူ့စစ်က ဇူလိုင်လ ၃ ရက်နေ့ကလည်း နားခိုက်ကျေးရွာအနီး ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေကို ပစ်သတ်ခဲ့ပြီး ခွန်ငွေ၏မိတ်ဆွေ ခွန်မောင်ပေးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ၊ဧပြီလ ၂၁ ရက်နေ့တွင်လည်း နားခိုက်ကျေးရွာရှိ ပြည်သူလူထု၏ နေအိမ် ၇ လုံးကို ဝင်ရောက်မီးရှိဖျက်ဆီးခဲ့ကြောင်း၊ ယခုအကြိမ်သည် စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က နားခိုက်ကျေးရွာကို ဒုတိယအကြိမ် ဝင်ရောင်းမီးရှိဖျက်ဆီး လူသတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article