28 C
Yangon

မိုးကုတ်အရှေ့ပိုင်း၊ ၅ မိုင်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ ၊စစ်ရှောင်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ တားဆီးထား

Must read

မိုးကုတ်အရှေ့ပိုင်း၊ ၅ မိုင်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ ၊စစ်ရှောင်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ တားဆီးထား

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်၏ ၅ မိုင်စခန်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အဆိုပါ ၅ မိုင်တပ်စခန်းတွင်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီ ၄၀ ကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် ဗုံးကျဲချသွားကြောင်း သိရှိရသည်။

“၅ မိုင် အုပ်ဆောင်းတောင် တောင်ခြေကို တိုက်လေယာဉ်နဲ့ ဗုံးကျဲချသွားတာ။ ပေါင် ၅၀၀ ဗုံးတွေ ထင်တယ်။ ပေါက်ကွဲသံက အတော်ကို ကျယ်လောင်တယ်။ ပြည်သူတွေလည်း ထိမလား စိုးရိမ်မိတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် ပိတ်မိနေသော စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ်က မိုးကုတ်ဘက် ပြန်တက်ခွင့်မပေးဘဲ ပိတ်ဆို့ တားဆီးထားကြောင်း Moegok Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် ပိတ်မိသော ပြည်သူများကို မိုးကုတ်ဘက် ပြန်တက်ခွင့်ပြုရန် သံဃာတော်များ ဦးဆောင်၍ စစ်ကောင်စီ တပ်သားများနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ၁၄၈ တပ်ရင်းက သွားခွင့်မပြုဘဲ ဆက်လက် ပိတ်ဆို့ထားကြောင်း သိရသည်။

မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် ပိတ်မိနေသော စစ်ရှောင် ပြည်သူ ထောင်နှင့်ချီရှိပြီး စားနိပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကာ ဝမ်းရောဂါများ စတင်ဖြစ်ပွားနေကြောင်း၊ ထိုပြင် ကျောက်ကပ် ဆေးရမည့် လူနာများ၊ လမ်းတွင် ကျည်ပြီး ဆေးကုသရန် လိုအပ်နေသူများ၊ ဆီးချိုရောဂါသည်များလည်း အချိန်မီ ဆေးကုသရန် လိုအပ်နေကြောင်း သိရှိရသည်။

“လမ်းမှာ ပိတ်မိနေသူတွေ ထောင်ချီပါတယ်။ စားရေးသောက်ရေးကို နီးစပ်ရာ ရွာက ကျွေးမွေးထားပေမယ့် သန့်ရှင်းရေး ကိစ္စမှာ လူများလွန်းတာကြောင့် တချို့ ဝမ်းရောဂါ စဖြစ်ချင်နေပြီ လို့ကြားရတယ်။ ကျောက်ကပ် ဆေးရမယ့် လူနာတွေ လမ်းမှာ ကျည်ထိပြီး ခုထိ ဆေးရုံ သွားမရဘဲ သွေးမလွန်အောင် ထိန်းထားရင်း တောင့်ခံနေတဲ့လူနာတွေ ကိုယ်ဝန်ဆောင်သည်တွေ ကလေးတွေ ‌ဆီးချိုတွေ ဆောင့်တတ်ပြီး တိုင်းကြည့်တာ ဂဏာန်းတောင် မပေါ်တော့တဲ့ လူနာတွေ အများကြီးပါ” ဟု Moegok Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် သပိတ်ကျင်းမြို့နယ် လိပ်ကျဘက်တွင်လည်း မိုးကုတ်မြို့မှ စစ်ရှောင် လာသည့် ပြည်သူ ၁၃၀၀ ခန့်ပိတ်မိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း၊ မိုးကုတ်-မန္တလေး လမ်းပိုင်းတစ်လျှောက်ကိုလည်း အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားသောကြောင့် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်သွားပြီးကြောင်း သိရသည်။

“မိုးကုတ်- မန္တလေး တစ်လျောက်မှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်လူဦးရေ အတိအကျတော့ မသိဘူး။ သပိတ်ကျင်း လိပ်ကျဘက်မှာတော့ မိုးကုတ်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၁၃၀၀ ဝန်းကျင်ရှိပါတယ်။ သပိတ်ကျင်းဘက် စစ်ဘေးရှောင်တွေရဲ့ ထမင်း ၃ နှပ် တစ်ရက်စာ ၂၅ သိန်းခန့် ကုန်ကျပါတယ်။ မိုးကုတ်-မန္တလေး လမ်းတစ်လျှောက် ကုန်စည်စီးဆင်းမှုကလည်း မန္တလေးကပဲလာတယ်။ အခု ကုန်တွေလည်း မဝင်တော့ ရိက္ခာတွေပြတ်ရင် ငတ်ဖို့ပဲကျန်တော့တယ်” ဟု Moegok Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article