မင်းဘူး-အမ်း လမ်းပိုင်းတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၁၁
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး – အမ်း လမ်းပိုင်းတွင် နတ်ရေကန် လေကြောင်းကာကွယ်ရေး တပ်စခန်းမှ တပ်အပြောင်းအရွှေ့ ပြုလုပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် နတ်ရေကန်လေကြောင်း ကာကွယ်ရေး တပ်စခန်း မှ တပ်အပြောင်းအရွှေ့ ပြုလုပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အမ်း – မင်းဘူးလမ်းပိုင်းရှိ မှိန်းစိမ်းရွာ လမ်းခွဲအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီ တပ်သားအချို့ အပြင်းအထန် ဒဏ်ရာရရှိကာ ထွက်ပြေးသွားသူများလည်း ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA အမျိူးအစား သေနတ် ၁ လက်နှင့် BA- ၆၃ ( G – 3 ) အမျိူးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ခိုက်တာက ခြေလျင် စစ်ကြောင်း လာတာကို တိုက်ခိုက်တာဖြစ်ပါတယ်။ ခြေလျင်စစ်ကြောင်းကတော့ မှိန်းစိမ်း လမ်းခွဲဘက်မှာ သူတို့ရဲ့ ခြေကုတ်ယူထားတဲ့ စခန်းကနေပြီးတော့ ဖုန်းအားသွင်းဖို့ အတွက် တုံးကြီး ဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ နေရာကို ဖုန်းအား လာသွင်းတဲ့ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်တယ်။ သို့သော်လည်း တိုက်ခိုက်နေစဉ် အတွင်းမှာလည်း မြေပြန့်လမ်းဘက်ကနေပြီး ကားတွေနဲ့ စစ်သားတွေကို ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ခြားထားတဲ့ ကံမြင်းကန် ဂိတ်မှာ စစ်သားတွေကို သွားချပြီးတော့မှ တန်းပြန်လာတဲ့ ဖောကားတွေကပါ။ ၁၂ ဘီးကားတွေကပါ စစ်ဆင်ရေးနေရာကို တိုက်ခိုက်နေတဲ့ နေရာကို ရောက်လာတယ်ပေါ့။ အဲလိုရောက်လာလို့ စစ်ဆင်ရေးက ပိုခက်ခဲသွားတာ ကြုံလိုက်ရတာဖြစ်ပါတယ်။ စစ်ဆင်ရေး လုပ်နေတဲ့ အချိန်မှာ အရာရှိလို့ ယူဆရတဲ့ ကားသေးသေးလေးက လာပြီးတော့ ကျွန်တော်တို့ကို စက်ကလေးနဲ့ပစ်ခတ်သွားတာမျိုးတွေလည်း လုပ်ဆောင်တယ်။ ကားပေါ်ကပစ်တဲ့ စစ်ခွေး ၂ ကောင်ကိုလည်း အနီးကပ် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်။ အဲ ၂ ကောင်ကတော့ လဲကျသွားတယ်။ ကျွန်တော်တို့ ပြန်ပစ်တဲ့ အချိန်မှာ ကားကိုဆက်တိုက် မောင်းသွားတာဆိုတော့ သေမသေတော့ အတည်မပြုနိုင်ခဲ့ဘူး။ သေဖို့တော့များတယ်” ဟု Chin Defence Force – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေး တပ်မတော်စစ်ကြောင်း ( APDF ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“မိုးရာသီမှာ စစ်ဆင်ရေးတွေ မြောက်များစွာ ထပ်မံဖော်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မိုးရာသီ ရိက္ခာ လိုအပ်နေမှုကို အတတ်နိုင်ဆုံး ပါဝင် ပူးပေါင်းပေးကျဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မိုးရာသီမှာ စစ်ဆင်ရေး ဖော်ဆောင်ရတဲ့ အတွင် ပွင့်လင်းရာသီလို မဟုတ်ဘဲနဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေ ရိက္ခာ သယ်ယူရတဲ့ ကိစ္စတွေ ဒါတွေ အခက်အခဲတွေရှိတဲ့ အတွက် ဒါတွေကို ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ပါဝင်ပေးကြဖို့ကိုပဲ ဖြည့်စွက်ပြောကြားချင်ပါတယ်” ဟု Chin Defence Force – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ဆက်လက်ပြောဆိုသည်။


