မြန်မာနိုင်ငံမှ ATOM Sim ကတ်အသုံးပြုသူများ၏ ဖုန်းဘေလ်များကို Package မဝယ်ဘဲ ဖြတ်တောက်ခိုးယူခံနေရ
ရန်ကုန်၊ ဇူလိုင် ၁၃
မြန်မာနိုင်ငံအတွင်း ATOM Sim Card အသုံးပြုသူများ၏ ဖုန်းဘေလ်များကို Package မဝယ်ဘဲ ATOM က ဖြတ်တောက် ခိုးယူနေကြောင်း ATOM ဖုန်းအသုံးပြုနေသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသိ့ ပြောဆိုကြသည်။။
“SMS ထဲကို စာတစောင်ဝင်လာပြီးတော့ အဲ့ဒီစာက ကျနော်မဝယ်ဘဲနဲ့ Package ဝယ်တဲ့အကြောင်း၊ လစဉ် သက်တမ်းတိုး ငွေဖြတ်မယ်ဆိုတာမျိုး SMS ပို့တာ။ ATOM ဘက်ကို လှမ်းပြီး Complaint တက်တယ်။ ဒါလည်း ဘာမှ မဖြေရှင်းပေးဘူး။ ကျနော်တို့ ဖုန်းဘေလ်တွေကို ကျနော်တို့ မဝယ်ဘဲနဲ့ လာဖြတ်ခိုးနေတာ” ဟု ATOM ဖုန်းကိုအသုံးပြုသူတဦးကဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ATOM ကုမ္ပဏီအတွင်းမှ ဝန်ထမ်းတချို့ထံသို့ စုံစမ်းမေးမြန်းကြည့်ရာ ATOM ကုမ္ပဏီတွင် လစဉ် Revenue Target ရှိကြောင်း၊ အဆိုပါ Target ပြည့်ပါက Sales & Marketing Team က အပိုဆုငွေ Bonus ရရှိကြောင်းကို ATOM ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူတဦးက ဆိုသည်။
“ATOM Sales Team က Manual Override လုပ်လို့ရတယ်။ ဘယ်လို လုပ်လို့ရလဲဆိုတော့ ဥပမာ Customer က Package A ကိုမဝယ်ထားဘဲနဲ့ အဲ့ဖုန်းနံပါတ်ထဲကို ဝင်ပြီးတော့ ဒီဖုန်းနံပါတ်က Data Package A ကို ဝယ်လိုက်တယ်ဆိုပြီး ငွေဖြတ်ပစ်လိုက်လို့ရတယ်။ ဒီလိုမျိုးလုပ်လို့ SMS အကြောင်းကြားတယ်ဆိုပေမယ့် ဖုန်းကုမ္ပဏီတွေက Marketing စာတွေ အများကြီးပို့တာလေ။ Opt-in မလုပ်ထားလည်း တစ်နေ့တစ်နေ့ SMS တွေအများကြီးပို့နေတာဆိုတော့ SMS ကို သာမာန်လူက ဝင်ကြည့်မနေတော့ဘူး။ မကြည့်ဖြစ်တော့ သူတို့ရဲ့ ဂွင်ဖြစ်နေတာ” ဟု ATOMမှ အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦးက ဆိုသည်။
ATOM ဆက်သွယ်ရေးကုမ္ပဏီထံသို့ ဖုန်းဘေလ်များ ဖြတ်တောက်ခိုးယူနေသည့် ကိစ္စ တိုင်ကြားမှုများ ရောက်ရှိခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ လျစ်လျူရှုထားသည့်သဘောဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“လွန်ခဲ့တဲ့ ၂ လက ဆိုရင် ဒီကိစ္စကို CEO ထိရောက်တယ်။ ဒါမျိုးမလုပ်ရဘူးဆိုပြီးတော့ ပြောပေမယ့် ဘာမှ ထိရောက်တဲ့ အရေးယူမှုမရှိတော့ Sales Team ဘက်ကနေ ပြန်လုပ်နေတယ်” ဟု အမည်မဖော်လိုသော ဝန်ထမ်းက ဆိုသည်။
ATOM Myanmar သည် ယခင်က Telenor Myanmar ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် M1 Group နှင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ ATOM Myanmar အဖြစ် တရားဝင် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် နာမည်ပြောင်းပြီး ဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ATOM ဆက်သွယ်ရေးကုမ္ပဏီ၏ Data Package ကြော်ငြာတစ်ခု။